ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူ မြို့ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ရမ်းပစ်သည့်လက်နက်ကြီးကျည် ဒေသခံ ၂ ဦး ထိမှန်ကာ တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၅နာရီခွဲကျော်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ မြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းထဲရှိ ရဲတပ်ကြပ်ကားမီး လောင်ကျွမ်းကာ ရဲ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ပထမတော့ ရဲစခန်းမီးလောင်တယ်လို့ ထင်ကြတယ်။ အေးဆေးငြိမ်သွားပြီးတော့မှ ရဲတပ်ကြပ်ကား မီးလောင်တာတဲ့။ ရဲစခန်းထဲက ၃ယောက်ထိတယ်လို့လည်း ကြားရတယ်။ ရဲလို့ပြောပေမဲ့ စစ်သား လား၊ BGF လား သေချာမသိရသေးဘူး။ ထိတဲ့ကောင်တွေရဲ့ အခြေအနေလည်း မသိရသေးဘူး။ ဒေသခံ တစ်ဦးကတော့ လက်နက်ကြီးအစမှန်တာ ဒဏ်ရာပြင်းတယ်”ဟု ၎င်းကပြောသည်။
ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်နှင့်BGFတပ်တို့က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဒေသခံတို့၏အိမ်တချို့ လက်နက်ကြီးကျည်ထိမှန်ကာ ပျက်စီးမှုရှိကြောင်း ဒေသတွင်းလူမှုကွန်ရက် တချို့ကဖော်ပြသည်။
“၇နာရီကျော်လောက် သေနတ်သံတိတ်သွားတယ်။ ထိုင်းဘက်ခြမ်းတောင် ဆိုင်တွေနည်းနည်းထိတယ် ပြောကြပေမဲ့ မျက်မြင်မတွေ့ရသေးပါတယ်။ တမနက်လုံး တစ်မြို့လုံး တိတ်သွားပေမဲ့ နေ့ခင်းလောက်ကျတော့ လူတွေ ပြန်ထွက်လာတယ်။ အများကြီးတော့မဟုတ်ဘူး”ဟု ဘုရားသုံးဆူမြို့ခံကပြောသည်။
ထိခိုက်ပျက်စီးမှုအခြေအနေကို သေချာမသိရှိသေးကြောင်းနှင့် ထိုင်းဘက်ခြမ်းသို့ စစ်ရှောင်ပြေးကြသူအချို့ ပြန်ရောက်လာကြပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သလဲဆိုသည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။
ဇန်နဝါရီလ နောက်ဆုံးပတ်ကလည်း ဘုရားသုံးဆူမြို့တွင်းရှိ ထွေအုပ်ရုံး၊ စည်ပင်ရုံး၊ လဝကရုံးနှင့် စရဖရုံး(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး)တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ညဘက်ဝင်စီးကာ မီးရှို့ခဲ့သည်။




