တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် PDF များသိမ်းထားသည့် ကဒဲရွာကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ဖြင့် အလစ်ဝင်တိုက်ကာ ပြန်လည်သိမ်းယူလိုက်ကြောင်း ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက ပြောသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည၈ နာရီခွဲခန့်က ပုလောမြို့နယ်၊ ကဒဲရွာ အထက်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် PDF စခန်းကို စစ်တပ်က အင်အား ၂၀၀ ကျော်ဖြင့် ဝိုင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်တစ်ဦးက ပြောသည်။
“ ၁၅ ရက်နေ့ ညက အင်အား ၂၀၀ ကျော်နဲ့ အလစ်ဝင်တိုက်တာ။ ကျားထိုးထိုးပြီး တက်လာတာ။ ပြီးတော့ ၁၅ မိနစ်လောက် တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က အင်အားများလို့ ကျွန်တော်တို့ ပြန်ဆုတ်ရတယ်” ဟု ၎င်းကပြောသည်။
ကဒဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ပုလော PDF တပ်များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ ကျားထိုးတက်လာတဲ့ ခွေးတွေကိုပစ်ချတာ။ ၈ယောက် ၊၁၀ ယောက်လောက်သေတယ်။ ဒါပေမယ့် အင်အားက ၂၀၀ ကျော်ဆိုတော့ ခံပစ်လို့မဖြစ်လို့ ဆုတ်ပေးလိုက်ရတာ။ လက်လုပ် သေနတ်၃လက်၊ ဆက်သွယ်ရေး ပစ္စည်းတွေနဲ့ ကျွန်တော်တို့ယူနီဖောင်းတွေ ကျန်ခဲ့တယ်။ မနေ့မနက်ပိုင်းက ကျွန်တော်တို့ သွားတိုက်တော့ ကဒဲထဲဝင်လို့မရဘူး။သင်္ချိုင်းစပ်နားထိပဲ ရောက်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့၊ နေ့လည်ပိုင်းက ကဒဲရွာ၌ တပ်စွဲထားသည့် စစ်တပ်သည် PDF များမရှိသည့် ကဒဲရွာထိပ်သို့ ၄၀မမ ဖြင့် ၁၀ ကြိမ်ထမနည်း ပစ်ခတ်ခဲ့ကြောင်း MPAက စုံစမ်းသိရသည်။