မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ BPI ဆေးဝါးထုတ်လုပ်ရေးနှင့် မြင်းမွေးမြူရေးတပ်ကို ယနေ့နံနက် အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ စစ်တပ်အရာရှိ ၂ ဦးနှင့်စစ်သား၅ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ယနေ့န့နက်၆နာရီခန့်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က အခြေအနေမလှသဖြင့် လေကြောင်းပစ်ကူယူခဲ့ရကြောင်း မြိုင်ပကဖ ထံက သိရသည်။
“ စတာက မနက် ၆နာရီလောက်ကစဝင်စီးတာပါ၊မနက် ၈နာရီကျော်မှာပြီးတယ်၊ကျွန်တော်တို့ပြန်ဆုတ်တဲ့အချိန်မှ လေယာဥ်တွေ လာပတ်ပစ်တယ်ဗျ၊ သူတို့ဘက်က အင်အား ၅၀ ကျော်ရှိတယ်၊ မိသားစုတွေကောဆို ၁၀၀ လောက်ရှိတယ်” လို့ မြိုင်ပကဖက တာဝန်ရှိသူ ဗိုလ်Crossပြောသည်။
စစ်တပ်ဘက်ကသေဆုံးခဲ့သည့်အရာရှိ၂ဦးမှာ ဗိုလ်ကြီးတစ်ဦးနှင့်ဗိုလ်တစ်ဦးဖြစ်ပြီး တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကာ MA 1သေနတ် သုံးလက်၊ကျည်ဘောက် ၆ ခုနှင့် အူစီကျည်ဘောက် ၁၅ခု ကို သိမ်းဆည်းရမိခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် Mi 35 လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်၃ဦး ဗုံးစ အပေါ်ယံထိမှန်ဒဏ်ရာရခဲ့ကြောင်း မြိုင်ပကဖ ထံကသိရသည်။
BPI ဆေးဝါးထုတ်လုပ်ရေးနှင့် မြင်းမွေးမြူရေးတပ်အတွင်းအဆောင်များကိုမီးရှို့နိုင်ခဲ့ပြီး မြင်းများကိုလွှတ်ပေးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက်က တိုက်ပွဲအတွင်းသေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
BPI ဆေးဝါးထုတ်လုပ်ရေးနှင့်မြင်းမွေးမြူရေးတပ်အနီးရှိ ကျေးရွာနှစ်ရွာက ဒေသခံ ၁၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်။