ပဲခူးတိုင်း၊ ရွှေကျင်နှင့်ကျောက်ကြီးသို့ စစ်ကူပေးရာတွင် အရေးပါသည့် တံတားတစ်စင်းကို PDF များက မိုင်းခွဲဖြတ်တောက်လိုက်ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း တစ်နေရာက စစ်ကောင်စီတပ် ထောက်ပို့လုပ်ငန်းများနှင့်စစ်ကူပေးရန် အဓိက ထားအသုံးပြုနေသည့် တံတား တစ်စင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ မိုင်းခွဲဖြတ်တောက်ခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၂နာရီ၄၇မိနစ်ခန့် တွင် ညောင်လေးပင်မြို့နယ်၊ ထိန်တပင်နှင့် ထော်နွယ်ကျေးရွာကြားရှိ ပေ ၆၀ ရှည်သော တံတား ကို ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ယင်းတံတားသည် KNUတပ်မဟာ ၃ နယ်မြေဖြစ်သော ရွှေကျင် နှင့် ကျောက်ကြီး သို့ သွားလာအသုံးပြုနေသည့် တံတားတစ်စင်းဖြစ်သည်။
“ တပ်မဟာ ၃ နယ်မြေ တပ်ရင်း ၇ နဲ့ တပ်ရင်း ၉ ကို အသွားအပြန်လုပ်နေတဲ့ တံတား။ တပ်ရင်း ၇ နဲ့ တပ်ရင်း ၉ ကြားမှာ အရင်တုန်းက ဒီတံတား ကိုအသုံးပြုပြီး စစ်ကူပို့တာ။ အရင်က ကျောက်ကြီးမြို့နယ်ထဲကနေသွားတာ၊ KNU က နယ်မြေစိုးမိုးရေးလုပ်လိုက်တော့ ရန်ကုန်-မန္တလေး အမြန်လမ်းကို လက်ရှိ အသုံးပြုနေတာ။ ရွှေကျင်နယ်မြေ ရင်း-၇ အတွက် စစ်ကူလာမယ်၊ကျောက်ကြီး ရင်း-၉ အတွက် စစ်ကူလာမယ်ဆိုရင် လမ်းဟောင်းကနေ ညောင်လေးပင်ကတစ်ဆင့် လာရတာ။ ရုတ်တရက် စစ်ကူလာရင် ဒီတံတားကိုချိုးလိုက်တဲ့အတွက် စစ်တပ်အတွက် စစ်ကူရော ထောက်ပို့အတွက်ပါ အခက်အခဲ ဖြစ်သွားလိမ့်မယ်”ဟု နယ်မြေခံပကဖ ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါဖောက်ခွဲမှုကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ညောင်လေးပင်မြို့နယ်(ပကဖ)နှင့်ကျောက်တံခါးမြို့နယ်(ပကဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာရှိ ဘူတာရုံကင်းစခန်းကို ညောင်လေးပင်မြို့နယ်(ပကဖ)က M79 ဖြင့် သွားရောက်ပစ်ခတ်ခဲ့သေးသည်။