ပဲခူးရိုးမအနောက်ခြမ်းတွင် ယနေ့နံနက်ပိုင်း၌ စစ်ကောင်စီ လေယာဥ် ပျံသန်းနေပြီး စစ်အင်အားလည်း တိုမြှင့်ထားကြောင်းသိရသည်။
ယနေ့နံနက်ပိုင်းတွင် မန်ကျည်းပင်ဆည်ဂိတ်မှ စစ်သားများနှင့် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ပေါင်းတည်မြို့နယ် ကြာနီကန်ကျေးရွာမှ ထွက်ခွာလာသော စစ်သားအင်အား ၂၀ ခန့်တို့သည် နတ်တလင်းမြို့နယ်အပိုင် ပဲခူရိုးမတောင်ခြေရှိ ရွာများ၌ အင်အားဖြန့်ထားကြောင်း Phoenix DF(Nattalin PDF) ထံက သိရသည်။
ပဲခူးရိုးမ အစပ်ရှိ ကွင်းကျယ်ရွာနှင့် ဘိုကြီးရွာတို့တွင် စစ်သား၁၀၀ ဝန်းကျင်ခန့်စခန်းချထားပြီး တောင်ပေါ်စခန်းနှင့် တောင်အောက်ရွာများသို့ အတက်အဆင်း ပြုလုပ်နေကြောင်း သိရသည်။
“နတ္တလင်းနဲ့ပေါင်းတည် ထိစပ်နယ်မြေတွေမှာ လေယာဥ်ဝဲနေတာတွေရှိတယ်။ သူတို့က စခန်းအထိုင်ချတာကတော့ ကွင်းကျယ်နဲ့ ဘိုကြီး ရွာမှာ စခန်းအထိုင်ချထားတယ်။ အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ အတိအကျပြောရခက်တယ်။” ဟု Phoenix DF မှတာဝန်ရှိသူက ပြောသည်။
၂၀၂၂ ခုနှစ်မှစ၍ တိုက်ပွဲများဖြစ်ပွားရာအနီးရှိ နတ္တလင်း ရွာ ၃ ရွာမှ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရပြီး ထွက်ပြေးတိမ်းရှောင်နေရသည့်ရွာများ တိုးလာနိုင်ကြောင်းဆိုသည်။
ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း စစ်ကောင်စီအရာရှိ G1 ပါလာသော စစ်ကားကို Phoenix DF ကမိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မန်ကျည်းပင်ဆည် စက်လှေဂိတ်မှ ရေကြောင်းအတိုင်း စက်လှေ ၃ စင်းဖြင့် စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ကို သာယာဝတီခရိုင်- PDFက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စက်လှေ ၃ စင်း ပြန်လှည့်သွားပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ကြောင်းသိရသည်။
ဇန်နဝါရီ ၂၇ ရက်နေ့ ညနေတွင် ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာမှ နတ္တလင်းမြို့နယ် ဘိုကြီးစခန်းကို အင်အား ၃၅ ဦးဖြင့် စစ်ကူလာသော စစ်သားများကို ပျဥ်းမခေါင်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရှိခဲ့သည်။
ထို့အပြင် ဇန်နဝါရီ ၂၆ ရက်နေ့တွင်လည်း မန်ကျည်းပင်ဆည်စက်လှေဂိတ်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သေးသည်။