စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒေသတွင်း PDFတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကင်းပုန်းဝပ်ကာ စစ်ကူလာသည့်ကားကို မိုင်းဆွဲခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၂နာရီဝန်းကျင်ခန့်တွင် ညောင်ပင်ဝန်းကျေးရွာက ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၇ ဦးအား ဖမ်းဆီးခဲ့ခြင်းကြောင့် ၂ နာရီ ၄၄ မိနစ်ခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရဲနှင့်စစ်သား အင်အား ၁၀၀ ဝန်းကျင်ရှိသော ညောင်ပင်ဝန်းရဲစခန်းကို လက်တုံ့ပြန် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ပြည်သူတွေကို ဖမ်းပြီးသတ်ပစ်တယ်လို့ ကျနော်တို့သတင်းရတော့ တပ်ဖွဲ့တွေ တိုင်ပင်ပြီး တပ်စိတ် ၇ စိတ် ဖြန့်ပြီး တိုက်တာပါ။ လက်နက်ကြီးတွေနဲ့ ဝိုင်းပစ်တာ။ ရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်တယ်။ ပြီးတော့ ပြန်ဆုတ်ပြီး ခပ်လှမ်းလှမ်း မှာ ကင်းပုန်းဝပ်ပြီး မိုင်းဆွဲဖို့ စောင့်နေလိုက်တယ်။ ကျနော်တို့ ထင်တဲ့အတိုင်း ည ၈ နာရီလောက်မှာ စစ်ကိုင်းတပ်မ ၃၃ ကစစ်ကူလာတဲ့ ကား ကို မိုင်း ၂လုံးဆွဲပြီး တာဝေးပစ်တွေနဲ့ပစ်ခတ်ပြီး ကျနော်တို့ ပြန်ဆုတ်လာခဲ့တာပါ။ စစ်ကောင်စီဘက် အကျအဆုံးကိုတော့ ကျနော်တို့ မသိရှိရသေးပါဘူး”ဟု တိုက်နယ်စွန် PDF တာဝန်ရှိသူ တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို တိုက်နယ်စွန်(စွန်)PDF နှင့် တပ်ရင်း-၈၊ဗိုလ်ရာမအဖွဲ့၊ဒေါင်းနီခွဲ-၁၊Zero Power၊စွန်ရဲအဖွဲ့နှင့်ကျေးလက်ကာကွယ်ရေးအဖွဲ့ ၂ ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၉ ရက် နံနက်ခင်းတွင် ညောင်ပင်ဝန်းရဲစခန်းသို့ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က အင်အားဖြည့်တင်းရောက်ရှိလာပြီး ညောင်ပင်ဝန်းရွာတောင်ပိုင်းကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေသဖြင့် ဒေသခံများထွက်ပြေးနေရကြောင်း သိရသည်။