မကွေးတိုင်း၊ရေနံချောင်းမြို့နယ်ရှိ ငွေညှစ်တောင်းခံနေသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ရေနံချောင်း PDF ထံက သိရသည်။
ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၉နာရီခွဲ ခန့်က ရေနံချောင်း မြို့ရှောင်လမ်းမပေါ်ရှိ စစ်သားအင်အား ၁၀ ဦးခန့်ရှိသော ယာပြင် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“အဲ့ဒီဂိတ်က ငွေညှစ်တောင်းခံတာ၊ အရပ်သားတွေအပေါ် ခြမ်းခြောက်တာ ခဏခဏလုပ်တယ်။ ဒါကြောင့် တိုက်ခိုက်တာ။ အပြန်အလှန် ပစ်ခတ်တာ။ တိုက်ပွဲကြာချိန် ၁၀ မိနစ်လောက်တော့ ရှိမယ်။ လက်နက်ငယ်တွေနဲ့ ကျနော်တို့က အရင်စပစ်တာ။ နောက်မှသူတို့က ပြန်ပစ်တာ။ နီးနိုင်သမျှနီးအောင် ကပ်ပြီးပစ်တာ။ ဘန်ကာထဲကနေ ခံပစ်နေတာနဲ့ ဂိတ်ကို မသိမ်းနိုင်လိုက်ဘူး။ ကျနော်တို့ ပြန်ဆုတ်လာခဲ့ရတယ်”ဟု ရေနံချောင်း PDF မှ ဗိုလ်စံသျှား ကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေပြီး ယာပြင်စစ်ဆေးဂိတ်သို့ လူနာတင်ယာဥ်များရောက်ရှိလာကာ သေဆုံးအလောင်းများကို မကွေးမြို့ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင် အမှတ်-၂ တပ်ရင်း၊ တပ်ခွဲ(၁)ရေနံချောင်းတပ်ခွဲ (PDF-Yenangyaung)၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Yenangyaung Local People’s Defense Force(ဖေကံကောင်းအဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း လက်မှတ်ကုန်းနယ်မြေရဲစခန်းကို ရေနံချောင်း PDF နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။