စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် အပါအဝင် စစ်ကောင်စီ တပ်စွဲထားသော နေရာ ၄ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Pale Jokers PDF ထံက သိရသည်။
ဖေဖော်ဝါရီ ၈ ရက် ည ၉ ခန့်က ပုလဲမြို့အထွေထွေအုပ်ချုပ်ရေးရုံး၊ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးရွာများဖြစ်ကြသော အင်းမထီးရွာ၊ ဇီးဖြူကုန်းရွာနှင့် ကန်ဒေါင့်ရဲစခန်း တို့ကို ပုလဲအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက တပ်ဖြန့်တိုက်ခဲ့ခြင်း ဖြစ်သည်။
“ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ PDF အဖွဲ့တွေနဲ့ ကျနော်တို့တပ်ရင်း၊ တပ်ခွဲတွေ စုပေါင်းပြီး တိုက်ခိုက်ကြတာပါ။ နယ်မြေအလိုက် အဖွဲ့ခွဲ့ပြီး နေရာ ၄ ခုကို ဝင်တိုက်ကြတာပါ။ အင်းမထီးရွာဘက်သွားတဲ့အဖွဲ့က တိုက်မိုင်းနင်းမိပြီး ကျနော်တို့ ရဲဘော်တွေ ဒဏ်ရာရကြတယ်။ မစိုးရိမ်ရပါဘူး။ ကျနော်တို့တွေ အကုန်လုံးပြန်ဆုတ်ချိန်နဲ့ဆို တိုက်ပွဲဖြစ်ချိန်က ၉ နာရီကနေ ၁၁ ခွဲထိ ဆိုတော့ ၃ နာရီခွဲ လောက်တော့ရှိမယ်။ ရဲစခန်းက ပြန်ပစ်ခတ်တယ်။ သေဆုံးမှုရှိတယ်လို့ ဖရဲသီးသတင်းက သိရတယ်။ ဘယ်လောက်သေတယ် ဆိုတာကိုတော့ ကျနော် မသိရသေးပါဘူး”ဟုPale Jokers PDF ခေါင်းဆောင် ဗိုလ်ပုလဲ ကပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို Pale Jokers PDF နှင့် ပုလဲမြို့နယ်အတွင်းမှာရှိသော တပ်ရင်း၊ တပ်ခွဲများ၊ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်မှာ ကန်ဒေါင့်ရွာ အနီး စစ်ကောင်စီတပ်က ထောင်ထားသည့် တိုက်မိုင်းနင်းမိပြီး ပဲသိမ်းသွားသော သာစည်ကျေးရွာသူ အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်သွားပြီး ကလေးငယ်တစ်ဦး ဝမ်းဗိုက် ဒဏ်ရာရရှိကြောင်း Pale Jokers PDF ကထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း ကန်ဒေါင့်ရဲစခန်းကို Pale Jokers PDF နှင့်အတူ ပုလဲမြို့နယ်အတွင်း ရှိ PDFအဖွဲ့များပူးပေါင်းပြီးသွားရောက်တိုက်ခိုက်ခဲ့သေးသည်။