စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁နာရီခန့်ကဝင်ရောက်တိုက်ခိုက် စခန်းသိမ်းနိုင်ခဲ့ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁ တပ်ရင်း (နဂါးနီတပ်ရင်း)ထံက သိရသည်။
ထီးဆောင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်သား ၅၀ ဝန်းကျင်ကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း နဂါးနီတပ်ရင်းတာဝန်ရှိသူက ဆိုသည်။
“ စခန်းကို အခိုင်အမာ တည်ဆောက်ထားတာ၊ ခံစစ်ကိုလည်း ရှယ်ပြင်ထားတာ၊ တော်တော်တိုက်လိုက်ရတယ်၊ စခန်းတစ်ခုလုံး မီးရှို့ပစ်လိုက်တာ၊ ပြာကျသွားတယ်” ဟု၎င်းက ပြောသည်။
စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ နှစ်နာရီကြာထိတွေ့တိုက်ပွဲ ဖြစ်ပြီးနောက် စစ်သားများ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
စစ်သားများသေဆုံးခြင်းကိုမူ MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းပစ်ခတ်မှုကြောင့် ထီးဆောင်းရွာသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်။
စခန်းကို သိမ်းပိုက်မီးရှို့နိုင်ခဲ့သည့်အပြင် MA3 တစ်လက်၊ကျည်ဘောက်တစ်ခု၊ ၅•၅၆ကျည်(၁၈)တောင့်၊Carbone တစ်လက်၊ ကျည်ဘောက်(၃)ခု၊ ကာဘိုင်ကျည်(၁၀၄)တောင့်၊ 9 ball(ကိုးလုံးကျည်)(၇၆) တောင့်၊ Jummer စက်(၂)လုံး၊ ကျည်ကာအကျီ (၁)ထည်၊ စစ်ယူနီဖောင်း(၂)စုံ၊စစ်ဖိနပ်(၃)ရံနှင့်စစ်ဦးထုပ်(၃)လုံး တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း(၇) မြင်းခြံခရိုင်၊ တပ်ရင်း(၁၉) ရွှေဘိုခရိုင်၊ တပ်ရင်း(၂) စစ်ကိုင်းခရိုင်၊ တပ်ခွဲ(၂)GTR (မြင်းမူ) နှင့် တပ်ရင်း(၁)ကျောက်ဆည်ခရိုင်၊ နဂါးနီ(ကျောက်ဆည်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။