ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ပေါ်တွင် မတ်လအတွင်း ဘုရားပွဲကျင်းပမည့်အပေါ် ခရမ်း PDF ခေါင်းဆောင်က ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။
ခရမ်း PDF သည် ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ် ပြင်ပရှိ ရန်ကုန်တိုင်း မြို့နယ်များထဲတွင် ဒေသ တွင်း စစ်ရေးပစ်မှတ်များကို ထိရောက်စွာဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်နိုင်သဖြင့် ခရမ်းမြို့အခြေ စိုက် စစ်တပ်က ထိတ်လန့်နေရသည့်အဖွဲ့ဖြစ်ပြီး ခရမ်း PDF ခေါင်းဆောင် ကိုမီးပွားက ဘုရားပွဲ လုပ်မည့် သွန်းဘုရားကြီး ဂေါပကအဖွဲ့ကို ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှနေ၍ သတိပေးလိုက်ခြင်း ဖြစ်သည်။
“ ခရမ်း ဘုရားပွဲ ကျင်းပမယ့် ဂေါပကတွေ တိုင်းပြည် ဘာဖြစ်နေတယ်ဆိုတာ မသိဘူးဆိုရင်တော့ ကိုယ့်ထိုက် ကိုယ်ကံပေါ့ဗျာ၊ ပါးစပ်က ဘုရား လက်က ကားယား ဆိုတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ဆင်ခြင်ကြပါ၊ ဘာသာရေးက ထိလွယ် ရှလွယ်တယ် ဆိုပေမယ့် ကျုပ်တို့အနေနဲ့ကတော့ ပြည်သူတွေရဲ့ သဘော ဆန္ဒအတိုင်း ပဲဆိုတာ သိထားကြဖို့လိုပါတယ်”ကိုမီးပွားက ပြောသည်။
ခရမ်းမြို့ပေါ်ရှိ သွန်းဘုရားကြီး ဘုရားပွဲကို စတိတ်ရှိုးပွဲ၊ ဇာတ်ပွဲနှင့် ပွဲလမ်းသဘင်တွေမပါဘဲ ပွဲစျေးတန်းသက်သက် ပြုလုပ်သွားမည်ဟု ဂေါပကအဖွဲ့နှင့် နီးစပ်သူများထံက သိရကြောင်း ခရမ်းချန်နယ်က ဆိုသည်။
“ဘာအတွက် ဘုရားပွဲလုပ်မှာလဲ။ ခရမ်းတစ်မြို့နယ်လုံးကို စစ်ခွေးတွေက ဒုက္ခမျိုးစုံပေးနေတဲ့ ကြားထဲက စစ်ခွေးအလိုကျ စစ်ခွေးတွေ ခိုင်းလို့ ဘုရားပွဲလုပ်ချင်တာလားလို့ မေးခွန်းထုတ်ချင်တယ်”ဟု ခရမ်းမြို့ပေါ်နေ ပြည်သူတစ်ဦးက ပြောသည်။
ခရမ်းဘုရားပွဲကို ပြီးခဲ့သည့် COVID-19 ရောဂါကာလမှစ၍ ရပ်တန့်ထားခြင်းဖြစ်ပြီး ယခုအာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးပြန်လည်ပြုလုပ်လိုသည့် ဘုရားပွဲဖြစ်ကြောင်း ခရမ်းချန်နယ်က ဖော်ပြသည်။
ခရမ်းPDF ၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံနေရသည့် စစ်တပ်သည် PDF ကိုမနိုင်သည့်အဆုံး ခရမ်း တစ်မြို့နယ်လုံးကို ဆိုင်ကယ်စီးနင်းခွင့် ပိတ်လိုက်သည်မှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့မှ ယနေ့ထိတိုင်ဖြစ်သည်။
“ဘုရားပွဲလုပ်ခဲ့မယ်ဆိုရင် အဲဒီဘုရားပွဲကို သပိတ်မှောက်ကြဖို့နဲ့ ဘုရားပွဲလုပ်တဲ့ ဂေါပကတွေ တစ်ချိန်မှာ တာဝန်ခံရမယ်ဆိုတာ ခရမ်းချန်နယ်ကနေတစ်ဆင့် လှုံ့ဆော်ရမယ်လို့ထင်တယ်”ဟု ခရမ်းမြို့သားကဆက်ပြောသည်။
ခရမ်းမြို့နှင့်ကပ်လျက်တည်ရှိသော သုံးခွမြို့နယ်ကိုလည်း ဆိုင်ကယ်စီးနင်းခွင့်ကို ယခုနှစ်ဇန်နဝါရီ ၁၇ ရက်နေ့မှ ယနေ့ထိတိုင် စစ်တပ်က ပိတ်ထားခဲ့သည်။