စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းတိုက်ပွဲတွင် စစ်တပ် ရဟတ်ယာဉ်တစ်စီးပျက်ကာ စစ်သားနှင့် ပျူစောထီး အယောက်၂၀ ခန့် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
ယင်းတိုက်ပွဲသည် ယနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်က ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေး မြို့သစ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုး နှင့် မဟာမိတ်တပ်ပေါင်းစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညနေ၌ ထုတ်ပြန်သည်။
ယင်းတိုက်ပွဲအတွင်း စစ်သားများနှင့် ပျူစောထီး၂၀ခန့်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့သစ်အနီးသို့ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်သုံးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့သော်လည်း ရွှေပြည်အေးမြို့အား တော်လှန်ရေးတပ်ပေါင်းစုက အောင်မြင်စွာသိမ်းပိုက်ထားနိုင်ကြောင်း ခန္တီးခရိုင်အမှတ်၁တပ်ရင်း-ဟုမ္မလင်းမှ ယမန်နေ့က ထုတ်ပြန်ထားသေးသည်။