မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် စစ်ကားနှစ်စီးကို မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်၊ မြတောင်လမ်းဆုံသို့ စစ်ကူသွားရန် သပိတ်ကျင်းမြို့နယ် ၊၇မိုင်တပ်မှ ဖောကားနှစ်စီးဖြင့် ထွက်လာသည့် စစ်သားများကို ဖေဖော်ဝါရီ ၂ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တကောင်းမြို့နယ် ပကဖ တာဝန်ရှိသူက ဆိုသည်။
“ မြတောင်လမ်းဆုံက စစ်ဆေးရေးဂိတ်ကို နယ်မြေခံအဖွဲ့တွေက ဝင်တိုက်တာ၊ အဲ့မှာ အထိနာတယ် ထင်တယ်၊ သပိတ်ကျင်းကနေ စစ်ကူသွားတဲ့ ကားနှစ်စီးကို သတင်းရတာနဲ့ ကျနော်တို့ မိုင်းသွားဆွဲခဲ့တာပါ” ဟု တကောင်းမြို့နယ် ပကဖ တာဝန်ရှိသူက ဆိုသည်။
စစ်ကူသွားသည့် ဖောကားနှစ်စီးကို ကျွဲကူးကန်နားတွင် ပဒေသာမိုင်းတစ်လုံး၊ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် မိုင်းဆွဲခဲ့ပြီးနောက် တောင်တလုံးနှင့်အင်ပျံ ကြားတွင် ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။
” သူတို့ကားဖြတ်သွားပြီးမှ မိုင်းဆွဲလိုက်မိတော့ ကားက ဘာမဖြစ်သွားဘူး၊ ခနထိုးရပ်ပြီး ပြန်မောင်းသွားတယ်၊ မိုင်းအစတွေတော့ ကားပေါ်ပါ စစ်သားတွေထိတယ်၊ ဒုတိယတစ်ခါဆွဲတော့ သူတို့ကားအပြာ ထိသွားတယ်၊ ကားပေါ်ပါ ၂၅ ယောက် ထိခိုက်ဒဏ်ရာရတယ်၊ ကားလည်း လမ်းပေါ်လည်ပြီး ထိုးရပ်သွားတာ’ဟု၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သည် လမ်းပေါ်သွားနေသည့် ကားတစ်စီးအား ချောဆွဲကာ ဒဏ်ရာရ စစ်သားများကို ထီးချိုင့်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကို တိုက်ခိုက်ရန် သဖန်းချောင်းတံတားအနီးက ငှက်ပျောတော၌ ကင်းပုန်းဝပ်နေသည့် စစ်သား ၁၅ ဦး အား ဖေဖေါ်ဝါရီ ၂ ရက်၊ နေ့လည်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲ ခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။