စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ယနေ့နံနက် ၉နာရီဝန်းကျင် က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထက်မနည်းသေဆုံးကြောင်း သိရသည်။
ပုလဲမြို့မှ ဆားလင်းကြီးမြို့နယ်ထဲသို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် အင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းကို ပုလဲမြို့အထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းနက်ပြောက်ကျား တပ်ဖွဲ့(ယင်းမာပင်ခရိုင် အမှတ်၁၀ တပ်ရင်း) ခေါင်းဆောင်ရဲဘော်ပေက ပြောသည်။
” သူတို့ပုလဲ ကနေထွက်လာနိုင်မယ့်လမ်းတွေမှာမိုင်းတွေကြိုထောင်ထားခဲ့တာပါ၊ဒီမနက်ဆွဲတဲ့မိုင်းကရှေ့ထွက်မိုင်းငါးလုံးနဲ့ ဆွဲခဲ့တာ” ဟုရဲဘော်ပေကဆိုသည်။
မိုင်းဆွဲခံရမှုကြောင့် ဒဏ်ရာရခဲ့သည့် စစ်သား၈ဦးအနက် အနည်းဆုံး၂ဦးသေဆုံးကြောင်း ပုလဲမြို့ စစ်ကောင်စီအုပ်ချုပ်ရေး အသိုင်းအဝိုင်းထံက သိရသည်ဟု ၎င်းကပြောသည်။
“၂ ယောက်သေတယ်လို့လည်းပြောတယ်။ ၃ယောက်လို့လည်း ပြောတယ်။ ကျွန်တော်တို့ရဲ့ သတင်းရင်း မြစ်တွေဆီကနေ သိရတာ”ဟု ၎င်းကဆက်ပြောသည်။
မိုင်းထိစစ်သားများကို ပုလဲပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ဆေးရုံပေါ်၌စစ်သား၃ဦးသေဆုံးသွား ကြောင်း သတင်းထွက်ပေါ်နေသည်ဟု ပုလဲမြို့သားတစ်ဦးကဆိုသည်။
“သေတာ၃ယောက်လို့သိရတယ်။ ကိုယ်ကိုယ်တိုင် မျက်လုံးနဲ့ တပ်အပ်မြင်ရတာမဟုတ်တော့ လုံးဝသေချာတယ်လို့တော့ ဘယ်အတိအကျပြောနိုင်မလဲ”ဟု ၎င်းကပြောသည်။
မိုင်းထိစစ်သားများ သေဆုံး၊ ဒဏ်ရာရရှိခြင်းနှင့် ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။