ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲ၃ကြိမ်ဖြစ်ပွားခဲ့ရာ အရာရှိ ၃ဦးအပါအဝင် စစ်သား၄၀ကျော်သေဆုံးခဲ့ကြောင်း Bago Region PDF က ယနေ့ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ၄ နှင့်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက် ညနေ ၆ နာရီခန့်က အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့များသည် နဂျပ်တောင်ဘက်သို့ ချဥ်းကပ်လာရာ တောင်ငူခရိုင်PDF တပ်ခွဲ(၄) တပ်စု(၂) က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သား(၂)ဦးထက်မနည်းသေဆုံးပြီး (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီ ၁၇ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် ထပ်မံ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို PDFတပ်ရင်း-၃၅၀၁၊ တပ်ခွဲ(၄) တပ်စု(၃)က တိုက်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး တပ်စု(၃)ကင်းပုန်းနှင့် ပထမအကြိမ် မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု Bago Region PDF က ဆိုသည်။
အထိနာသွားသော စစ်ကောင်စီတပ်မှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နံနက် ၁၀ နာရီဝန်းကျင်၌ နဂျပ် အရှေ့မြောက်ဘက်၊ဝက်ပုပ်လမ်းတွင် ထပ်မံတပ်ဖြန့်၍ တက်လာသဖြင့် ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့သည်။
နေ့လယ် ၁၂ နာရီဝန်းကျင်တွင် နဂျပ်-ကွင်းချောင်းလမ်း ကျောက်ပုံကုန်း၌ ရှေ့တိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုက် ၅၀ အတွင်း တတိယအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအချိန် ၁ နာရီခွဲခန့် ကြာမြင့်ခဲ့သည်ဟုဆိုသည်။
ပထမအကြိမ်နှင့်ဒုတိယအကြိမ်တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့ က ပိုင်ပိုင်နိုင်နိုင်စတင်ပစ်ခတ်နိုင်ခဲ့ ကြောင်း တောင်ငူခရိုင်PDFတပ်ရင်း-၃၅၀၁၊တပ်ခွဲမှူး စောဂျက်ကပြောသည်။
“တတိယ အကြိမ်တိုက်တာဆိုရင် လက်တစ်ကမ်းအကွာ အပုံလိုက်သေနေတာ ကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီအပေါ်မှာ ကျနော်တို့က သတင်းကိုခန့်မှန်းခြေယူလိုက်တာဗျ။ကျန်တဲ့ သတင်းအရင်းမြစ်တွေကလည်း စစ်သား သေဆုံးမှုတွေကိုသိရတယ်။သူတို့အသံတွေ ကြားနေရတယ်။စစ်ကူတောင်းတာ။ဗိုလ်ကြီး ကျသွားပြီ ဆိုတဲ့အသံတွေ ကြားနေရတာ။ထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်။ကျနော်တို့က သူတို့ကိုအရင်မြင်တာဆိုတော့ အပိုင်စောင့်ပစ်ရသလို ဗိုလ်ကြီး ကျသွားပြီဆိုတဲ့ အသံတွေက ၃ နေရာလောက်ကြားရတာကို မှန်းပြီးပြောတာပါ”ဟုတပ်ခွဲမှူးစောဂျက်က သေဆုံးစစ်သားစာရင်းသိရှိပုံကိုပြောသည်။
ထိတွေ့တိုက်ပွဲ ပထမ(၂)ကြိမ်၌ PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ (တပ်စု ၂ နှင့် တပ်စု ၃ ) တို့က တိုက်ခိုက်ခဲ့ပြီး တတိယအကြိမ် ထိတွေ့မှုတိုက်ပွဲကို မဟာမိတ်တပ်ပေါင်းစုနှင့် ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ထိတွေ့တိုက်ပွဲ(၃)ကြိမ်တွင် ထိခိုက်ဒဏ်ရာ ရစစ်သားအများအပြားရှိခဲ့ပြီး PDFပူးပေါင်းအဖွဲ့က သံတောင်ကြီးမြောက်ပိုင်း အထူးဒေသအဖွဲ့ -တပ်ခွဲ(၃)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်(၁)ဦး ကျဆုံးခဲ့ကာ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုဆိုသည်။
စစ်သားများသေဆုံးထိခိုက်စာရင်းနှင့်ပတ်သက်၍မူ MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
တိုက်ပွဲအတွင်းထွက်ပြေးသွားသည့် စစ်သားများထံက ကျကျန်ခဲ့သော ကျောပိုးအိတ်(၂)လုံးအား စစ်ဆေးကြည့်ခဲ့ရာ အမြောက်တပ် တံဆိပ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ရေတာရှည်မြို့နယ်တွင် ယနေ့ နေ့လည် ၂နာရီခွဲခန့်မှစ၍ တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး အနီးအနားရှိ ရွာ ၃ ရွာမှ ပြည်သူများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်းသိရသည်။