ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ၃နာရီခန့်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး အရာရှိတစ်ဦးအပါအဝင် စစ်သား ၁၈ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်းသားညီနောင် တပ်ဖွဲ့ထံက သိရသည်။
ဇန်နဝါရီ ၁၇ ရက် နံနက် ၁၁ နာရီခန့်၌ ရေတာရှည်မြို့နယ်၊နားဂျပ်ရွာ နှင့် ကွင်းချောင်းရွာကြားတွင် အင်အား ၉၀ခန့်ရှိ စစ်ကြောင်း ၃ ကြောင်းသည် တောင်ငူခရိုင်PDF၊ရေတာရှည်တပ်ရင်း ၃၅၀၁၊တပ်ခွဲ-၄ ကိုဝိုင်းဝန်းပိတ်ဆို့ ထားစဥ် ဒေါင်းမင်းသားညီနောင်တပ်ဖွဲ့ နှင့် သံတောင်မြောက်ပိုင်း-အထူးဒေသ တပ်ဖွဲ့တို့စစ်ကူရောက်လာပြီး တိုက်ပွဲဖြစ်ပွားကြောင်းသိရသည်။
“ဒီကောင်တွေက စစ်ကူခေါ်ပြီး ကျနော်တို့နယ်မြေထဲကို ဝင်လာတာ တပ်ခွဲ ၄ က တောင်ဘက်ဂွင်မှာ စစ်ကြောင်းကလည်း တောင်ဘက် စစ်ကြောင်းထိုးလာတာ။ရေတာရှည် တပ်ခွဲ ၄ ကို စစ်ကောင်စီ စစ်ကြောင်း ၃ကြောင်းကပိတ်ဆို့ထားသလိုဖြစ်နေတာ။တပ်ခွဲ ၄ ကလူအင်အား လက်နက်အင်းအားလည်းနည်းတယ်။ကျနော်တို့ကို စစ်ကူခေါ်တော့ ပြန်ဆွဲထုတ်ရတာ။အဲ့ဒီမှာတိုက်ပွဲစဖြစ်တာ ၃ နာရီလောက်ကြာတယ်။ စစ်သား ၁၈ ယောက်ကျတယ်။အဲ့အထဲမှ ၃ရစ်နဲ့တပ်ကြပ် ၁ကောင်ရယ် ၁ပွင့် ဗိုလ်လေးရယ်ပါတယ်။အတိအကျပဲ ကျနော်တို့ သတင်းပြန်ရတယ်”ဟု ဒေါင်းမင်းသား ညီနောင်တပ်ဖွဲ့မှ စစ်ရေးတာဝန်ခံ ဗိုလ်သူရိန်ကပြောသည်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူများကို စစ်ကောင်စီတပ်က ယမန်နေ့ည ၁၁ နာရီခန့်တွင် ကား ၁ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်းသိရသည်။
စစ်သားများ သေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်သည် နဂျပ်ရွာစာသင်ကျောင်းတွင် တပ်စွဲထားပြီးတိုက်ပွဲများ ထမ်မံဖြစ်ပွားနိုင်ခြေရှိသည်ဟုသိရသည်။