ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး အဆက်အသွယ်ပြတ်နေသည်မှာ သုံးရက်ရှိလာပြီဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုနှင့်အဆက်အသွယ်မရသေးကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဌ ကိုမင်းဟန်ထက်ကပြောသည်။
ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ကိုသီဟထက်ဇော်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင်နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းဖြစ်သည့် ကိုဟိန်းထက်တို့သည် ဧပြီ ၂၁ ရက်မှစ၍ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေခြင်းဖြစ်သည်။
၎င်းတို့ ၇ ဦးသည် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံရသည်ဟု သံသယဖြစ်ဖွယ်ရှိနေပြီး လက်ရှိတွင်လည်း မိသားစုဝင်များက မြို့နယ်ရဲစခန်းများတွင် လိုက်လံစုံစမ်းနေသည်ဟု ကိုမင်းဟန်ထက်ကပြောသည်။
“ ကျနော်တို့ သမဂ္ဂအနေနဲ့ကတော့ ဒါဖမ်းဆီးလိုက်တာပဲလို့ယူဆတယ်၊ ဒါပေမယ့်အဲ့လိုမျိုး အဖမ်းခံရတဲ့အခါ မိသားစုကသိဖို့လိုတယ်။ အဆက်အသွယ်ရှိနေဖို့လိုတယ် သူတို့ရဲ့အသက်အန္တရာယ် ဘာမှမဖြစ်သွားအောင် ရှိဖို့လိုတယ် အဲ့လိုကိစ္စတွေကိုဘာမှမသိရဘူး။ အဲ့ဒီအခင်းအကျင်းကြီးက တော်တော်ကြီးကို ဆိုးရွားနေတယ်လို့မြင်တယ်” ဟု ၎င်းကပြောသည်။
ကျောင်းသားလူငယ်ထုသည် မြေပေါ်သပိတ်တိုက်ပွဲများ၊ မြို့ပြပျောက်ကျားလှုပ်ရှားမှုများ၊ လက်နက်ကိုင်လှုပ်ရှားမှုများဖြင့် အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ထန်ခြိမ်းခြောက်နိုင်သည့်အခြေအနေရှိသဖြင့် ကျောင်းသားလူငယ်များကို ပိုမိုပစ်မှတ်ထားဖမ်းဆီးလာကြောင်း ၎င်းကပြောသည်။
ဖမ်းဆီးခံရသူများအတွက် အသက်အန္တရာယ် အလွန်စိုးရိမ်ရသည့်အတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကဲ့သို့သောအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများကို ယခုထက်ပိုအားစိုက်လုပ်စေချင်ကြောင်း ကိုမင်းဟန်ထက်ကတိုက်တွန်းသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်အပါအဝင် သပိတ်တက်ကြွလှုပ်ရှားသူလေးဦး၊ ဧပြီ ၄ ရက်နေ့တွင် မန္တလေးသပိတ်အင်အားစုမှ လူငယ် ကိုးဦးဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်အထိ မည်သည့်နေရာတွင်ရှိနေသည်ကို မသိရသေးသလို အဆက်အသွယ်လည်းမရသည့်အတွက် ၎င်းတို့၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို အလွန်အမင်း စိုးရိမ်နေကြကြောင်း မန္တလေး သပိတ်အင်အားစုကထုတ်ပြန်ခဲ့သည် ။
#မတရားဖမ်းဆီး #လူ့အခွင့်အရေးချိုးဖောက် #ကျောင်းသားလူငယ် #အကြမ်းဖက်စစ်တပ် #MPA #Myanmar