By Sayar Ngaat / MPA
စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ပြောဆိုမှုများပြုလုပ်နေကြောင်း နိုင်ကျဉ်းမိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
ကလေးအကျဉ်းထောင်မှ ထောင်တာဝန်ခံ အရာရှိအောင်မိုးဟိန်းနှင့် ထောင်လုံခြုံရေး တာဝန်ခံအရာရှိ ဟန်ဝင်းအောင်တို့သည် အကျဉ်းသားများ နေရေးထိုင်ရေး၊ လျော့ရက် ခံစားခွင့်များနှင့် ပတ်သတ်ပြီး အကျဉ်းသားများ၏ ဇနီးများအပါအဝင် မိသားစုဝင်များကို ဖုန်းဖြင့်ဆက်သွယ်၍ လိင်ပိုင်းဆိုင်ရာ အနှောက်ယှက်မှုများ ပြောဆိုကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် နိုင်ကျဥ်းမိသားစုဝင်တစ်ဦးက ပြောသည်။
“ အစကတော့ ထောင်ပိုင်ကြီးနဲ့ အဆက်သွယ်ရရင် ကျမအမျိုးသားအတွက် အထဲမှာ အဆင်ပြေမယ်ဆိုပြီး ကျမ ဖုန်းနံပါတ်ပေးလိုက်တာပါ၊ ကျမ ဧည့်တွေ့ပြီး အိမ်ပြန်ရောက်တော့မှ ထောင်ပိုင်ကြီးက ဖုန်းဆက်လာတယ်။ သူ့ကိုအဘ၊ ဦးလေးလို့ခေါ်တာကို အဲဒီလိုမခေါ်နဲ့၊ကိုကြီးလို့ခေါ်ပါ၊ ပြီးတော့သူနဲ့ သီးသန့်ချိန်းတွေ့ အတူနေပေးရင် အမျိုးသားကိုလဲ လျော့ရက်တွေရမယ်၊ လုပ်ပေးလို့ရတယ် အဲဒီလိုလာပြောသွားတယ်။ အဲ့ဒီလို အပြောခံရတော့ ကျမအရမ်းကြောက်သွားတယ် ” ဟု ၎င်းက ပြောသည်။
အဆိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယင်းနိုင်ကျဉ်းမိသားစုဝင်သည် အခြားနိုင်ကျဉ်းမိသားစုဝင်များကို ဆက်သွယ်ပြီး စုံစမ်းကြည့်ရာ တာဝန်ခံအရာရှိ ဟန်ဝင်းအောင်သည် အခြားနိုင်ကျဉ်းမိသားစုဝင်များအပေါ်၌လည်း ထိုကဲ့သို့လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ပြောဆိုမှုများရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ယင်းကဲ့သို့ ထောင်အာဏာပိုင်များက နိုင်ကျဉ်းမိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် နေမှုများသည် အလွန်ဆိုးဝါးသည့် လုပ်ရပ်ဖြစ်သည့်အတွက် ကျူးလွန်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထိထိရောက်ရောက် အရေးယူသင့်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
” အကျဉ်းသူတွေ အကျဉ်းသားတွေ ဘာမှမလုပ်နိုင်တဲ့ အခြေအနေမို့ ထိကပါး၊ ရိကပါး ပြောဆိုတာက အများကြီးကိုလွန်သွားပြီ သူတို့အနေနဲ့ ဒါမျိုးတွေ ကျူးလွန်နေတယ်ဆိုတာ ထောင်ထဲက အကျဉ်းသား၊ အကျဉ်းသူ မိသားစုတွေ သူတို့တွေရဲ့ လုံခြုံရေးထိခိုက်တယ် ။ တော်တော် အောက်တန်းကျတဲ့ လုပ်ရပ်ပါ၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး NUG အနေနဲ့လည်း ဒီလိုလူမျိုးတွေကို အမှုတွဲဖိုင်ဖွင့်တာ၊ ဝရမ်းထုတ်တာတို့ တခြားလုပ်လို့ရတာ မှန်သမျှ ပြင်းပြင်းထန်ထန်နဲ့ ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ကလေးအကျဉ်းထောင်တွင် ထောင်အာဏာပိုင် ဟန်ဝင်းအောင်နှင့် အောင်မိုးဟိန်းတို့အပြင် အခြားအရာရှိဝန်ထမ်းများကလည်း နိုင်ကျဉ်းမိသားစုဝင်များကို ငွေကြေးတောင်းခံခြင်း၊ အသုံးကုန်ပစ္စည်းများ ဝယ်ယူပေးရန်တောင်းခံခြင်းများလည်း ကြုံတွေ့နေရကြောင်း အခြားနိုင်ကျဉ်း မိသားစုဝင်တစ်ဦးက ပြောသည်။
“ အကျဉ်းဦးစီးထဲက တချို့ဗိုလ်လေးတွေလည်း အဲ့ဒီလိုပဲ အကျဉ်းသားတွေရဲ့ ဇနီး၊ မိသားစု ဝင်တွေဆီ အထူး သဖြင့် မိန်းကလေးတွေကို ဦးတည်ကြတာ သူတို့က ထောင်ကျနေတဲ့သူတို့ ယောင်္ကျားတွေအတွက် ဟိုဟာဒီဟာလုပ်ပေးလို့ရတယ်၊။ ငါ့အတွက်တော့ ပိုက်ဆံဘယ်လောက်ပေး သင်တန်းသွားမှာ ခရီးစရိတ်ပေး၊ ဖုန်းဝယ်ပေး၊ နာရီလေးလိုချင်လို့ဝယ်ပေး၊ စတာတွေ တောင်းတာတွေရှိတယ်။ တကယ်ကို အဓိပ္ပာယ်မရှိတာတွေ လုပ်နေကြတာ သိက္ခာကိုမရှိကြဘူး ” ဟု ၎င်းကပြောသည်။
ကလေးအကျဉ်းဦးစီးဌာနသည် စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် မော်လိုက်ကျေးရွာတွင် တည်ရှိပြီး မော်လိုက် အကျဉ်းဦးစီးဟုလည်း ခေါ်ဆိုကြကာနိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၅၀၀ ဝန်းကျင်အပါအဝင် အကျဉ်းသူ၊ အကျဉ်းသား ၁၅၀၀ခန့် ရှိသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးအကျဉ်းသားများထဲတွင် LGBTQ+ များ ပါဝင်ပြီး LGBTQ+ များသည် အကျဉ်းထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကို အခြားနိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ နည်းတူရင်ဆိုင်ကြရသည့်အပြင် အခြားရာဇဝတ်မှုဖြင့် အကျဉ်းကျထားကြသည့် နှစ်ကြီးအကျဉ်းသားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းများနှင့်ရင်ဆိုင်ကြရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားသည်။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား မောင်ရဲရင့်ကို(ခ)ရဲရဲဆိုသူအား အကျဉ်းသား ပြူးကြီးဆိုသူက မုဒိမ်းမှုကျူးလွန်ရန် ကြိုစားခဲ့ကြောင်း PPNMက ၂၀၂၄ခုနှစ်၊ မေလ ၄ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈၄၀၅ ဦးရှိပြီး လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ ၂၁၆၈၃ ဦးရှိနေကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP၏ စာရင်းများ၏အရ သိရသည်။