By Sayar Ngaat / MPA
မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်အတွင်း အကျဉ်းသားများ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေသော်လည်း စစ်ကောင်စီလက်အောက်ခံ၊ အကျဉ်းဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးလုံလောက်စွာ ပေးအပ်မှုမရှိကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ရက်မှစတင်ကာ အိုးဘိုထောင်အတွင်းကျွေးသည့် ပဲစင်းများသည် သိုးနံ့ထွက်နေသဖြင့် အကျဉ်းသားများက ထောင်အာဏာပိုင်များကို တင်ပြခဲ့သော်လည်း အစားအသောက်များကို ပြုပြင်ပေးခြင်းမရှိသဖြင့် အထက်ပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောသည်။
” တချို့တဝက်လည်း ပျောက်သွားပြီ၊ တော်တော်များများကတော့ ဆက်ဖြစ်နေဆဲပဲ၊ အနည်းဆုံး အရေအတွက်က ၃ဝ ဝန်းကျင်လောက်ရှိမယ်၊ ထပ်တိုးအခြေအနေကတော့ ဆက်ပြီးသိရှိဖို့ အနည်းငယ်တော့ အခက်အခဲရှိတယ် “ ဟု ၎င်းက ပြောသည်။
အိုးဘိုအကျဉ်းထောင်တွင် ဇန်နဝါရီလ ၁၄ရက် နောက်ပိုင်း ဧည့်တွေ့ခွင့်နှင့် ထောဝင်စာပါဆယ်ပို့ခွင့်ကို ထောင်အာဏာပိုင်များက သုံးရက်ခန့်ပိတ်ခဲ့ပြီး ထောင်တွင်း ဝမ်းပျက်ဝမ်း လျှောရောဂါအခြေအနေ ဆိုးရွားနေသဖြင့် ပိတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ကိုသိုက်ထွန်းဦးက သုံးသပ်သည်။
အိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၄၀ဦးဝန်းကျင်နှင့် အကျဉ်းသူ ၂၅ ဦးဝန်းကျင်အထိဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့ပြီး ဆက်လက်ဖြစ်ပွားနေသူများလည်း ကျန်ရှိနေသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဇန်နဝါရီလ ၂၃ရက်တွင် ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့သည့် အကျဉ်းသားများကို ထောင်အာဏာပိုင်များက တစ်ဦးလျှင် ဝမ်းပိတ်ဆေးနှင့် ဓာတ်ဆားတစ်ထုပ်သာပေးပြီး မည်သည့် ကျန်းမာရေးစောင့်ရှောက်မှုမှ ပြုလုပ်ပေးခြင်းမရှိကြောင်းလည်း သိရသည်။
” လက်ရှိမှာဖြစ်သွားတဲ့ အရေအတွက်က၆၀ကျော်ဝန်းကျင် လောက်ဖြစ်နေတာဆိုတော့ အရမ်းများတယ်။ ထောင်မှာကလည်း ဆရာဝန်က ငါးဦးဝန်းကျင်လောက်ပဲ ရှိတယ်။ အားလုံးကို ချက်ခြင်း စောင့်ရှောက်မှု မပေးနိုင်တာပါ ” ဟု အိုးဘိုအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် အကျဉ်းသားများသည် နောက်ဆက်တွဲအနေဖြင့် ခန္ဓာကိုယ်အနှံ့တွင် အနီအစက်အပြောက်များ ဖြစ်ပေါ်လျက်ရှိ ကြောင်းလည်း သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီက အကျဉ်းသားများ ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးလုံလောက်စွာမပေးမှုများသည် ထောင်မှ ပြန်လည်လွတ်မြောက်သည့်အချိန် စစ်တပ်ကို ပြန်လည်တော်လှန်ခြင်းမပြုနိုင်ရန် စိတ်ဒဏ်ရာများပေးနေခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ မဇူးဇူးမေယွန်းက ပြောသည်။
“ ထောင်ထဲမှာ ဆေးဝါးစောင့်ရှောက်မှုကို အလုံအလောက်မပေးဘူးဆိုတာက ဒါသူတို့ကို(စစ်ကောင်စီတပ်) ပြန်ပြီး မတော်လှန်ရဲအောင် သက်သက်မဲ့ လုပ်နေတာ၊ လက်ရှိ ထောင်ထဲမှာက အမျိုးသမီးနိုင်ကျဉ်းတွေကို ဖိနှိပ်မှုတွေက တစ်မျိုးပြီး တစ်မျိုးနဲ့ စိတ်ဒဏ်ရာတွေ ရအောင်လုပ်နေတယ်။ ဒါအဆိုးဝါးဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တယ် “ ဟု ၎င်းက ပြောသည်။
လက်ရှိ အကျဉ်းထောင်များ၌ ထောင်ဝင်ပါဆယ်ပို့ခွင့်တွင် ဆေးဝါးပို့ခွင့်ကို ထောင်အာဏာပိုင်များက ခွင့်ပြုထား သော်လည်း အကန့်အသတ်များ ဆက်လက်ရှိ နေဆဲ ဖြစ်သည်။
၂၀၂၄ခုနှစ်အတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင် အသီးသီး၌ လုံလောက်စွာ ကျန်းမာရေးစောင့် ရှောက်မှု မရရှိခဲ့သဖြင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၂၂)ဦးအထိရှိကြောင်း ဒီဇင်ဘာလ ၃၁ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၄ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈၃၅၀ ဦးရှိပြီး လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ ၂၁၆၃၂ ဦးရှိနေကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP၏ စာရင်းများ၏အရ သိရသည်။