5 Dec 2024 By Ko Paing / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းကျေးရွာအနီးကို စစ်ကောင်စီတပ်က ယနေ့ နံနက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက်မပြည့်သေးသည့် ကလေးတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦး ပွဲချင်းပြီး သေဆုံးကြောင်းသိရသည်။
ယနေ့ (ဒီဇင်ဘာငါးရက်) နံနက် ငါးနာရီခွဲဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊အောင်ပန်းကုန်းကျေးရွာ အနီးကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးအလုံး၂၀ ကြဲချတိုက်ခိုက်ရာ ဦးကျော်သူမိုး(၄၈နှစ်)၊၎င်း၏ဇနီး ဒေါ်ခင်အေးကျင်(၄၆နှစ်)နှင့်သားဖြစ်သူ မောင်အောင်ပြည့်လျှံ(၁၃နှစ်)တို့ ဗုံးစထိမှန် သေဆုံးခဲ့ကြောင်း နွားထိုးကြီးပကဖ ထံက သိရသည်။
“လေယာဥ်က တစ်ကြိမ်ကို လေးလုံးနဲ့ ငါးကြိမ်ကြဲတာပါ။ ရွာရဲ့တောရိုးနေရာတွေကို ကြဲချတာပါ။အဲ့ဒါကြောင့် အောင်သာနဲ့အောင်ပန်းကုန်းကြားက အိပ်ပျော်နေတဲ့ မိသားစု အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲတာမှာ မိသားစု သုံးဦးစလုံး ဆုံးပါးသွားတာပါ။ နွား ငါးကောင်လည်း သေဆုံးသွားတယ်။နေအိမ်လည်းပျက်စီးသွားတယ်” ဟုနွားထိုးကြီးမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ဒီဇင်ဘာလေးရက်ကလည်း နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကပ္ပိယကလေးငယ် တစ်ဦးသေဆုံးပြီး သံဃာသုံးပါး ပြင်းထန်ဒဏ်ရာရခဲ့သေးသည်။
ထို့အပြင် ဒီဇင်ဘာ နှစ်ရက်ကလည်း စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နွားထိုးကြီးမြို့နယ်၊နဘဲမြစ်ရွာရှိ ကိုရီးယာဘာသာစကား သင်တန်းကျောင်း ပျက်စီးသွားကာ ကျောင်းသားနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။