By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီနှင့်ပျူစောထီးတို့ နှစ်ပတ်ကြာ စစ်ကြောင်းထိုးမီးရှို့နေသဖြင့် ဒေသခံပြည်သူ နှစ်သောင်းနီးပါး စစ်ဘေးရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်မှစတင်၍ ကျွန်းလှမြို့နယ်၊ကံပေါက်ပျူစောထီးကျေးရွာသို့ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ကုက္ကိုလ်ကုန်းကျေးရွာသို့ ဒရုန်းများဖြင့် ၆၀ (မမ) ဗုံးသီးများကြဲချပြီးနောက် ကုက္ကိုလ်ကုန်းတိုက်နယ်ဆေးရုံ၌တပ်စွဲလိုက်ကာ အနီးဝန်းကျင်ကျေးရွာများကို ယနေ့(ဒီဇင်ဘာ ငါးရက်)အထိ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရသည်။
“စစ်ရှောင်တွေကတော့ တောထဲတွေနဲ့ ဝေးတဲ့ရွာတွေမှာ ရှောင်နေကြရပါတယ်။စစ်ကြောင်းက ကုက္ကိုလ်ကုန်းတိုက်နယ်ဆေးရုံမှာထိုင်ပြီး ရွာတွေကို ထွက်လိုက် ဝင်လိုက်လုပ်နေတာ။တစ်ရွာနဲ့တစ် ရွာ ကလည်း လေးမိုင်လောက်ပဲဝေးတာဆိုတော့ ကျမတို့လည်း ဝင်လို့မရဘူး။ဒါကြောင့် မီးရှို့ခဲ့တဲ့ ရွာအမည်စာရင်းကိုပဲသိနိုင်ပါတယ်။အိမ်ခြေအရေအတွက်ကိုတော့ မသိရသေးပါဘူး” ဟု ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
စစ်ကောင်စီစစ်ကြောင်းကြောင့် ကျွန်းလှမြို့နယ်၊ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊မြဘုံသာ၊တောင်ယာဆိပ်ရွာ၊ ကန့်ဘလူမြို့နယ်မှ လက်ခုပ်ပင်ရွာနှင့် ကောလင်းမြို့နယ်မှ ရွာသစ်၊ အောင်ချမ်းသာနှင့် ပေတပင်ရွာတို့မှ ပြည်သူများသည် ဆောင်းတွင်းကာလ၌ပင် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရခြင်း ဖြစ်ကြောင်းသိရသည်။
“မီးရှို့ခံရတာက လေးရွာကို ခုနှစ်ကြိမ်ရှို့တာ” ဟု ၎င်းကဆက်လက်ပြောသည်။
နှစ်ပတ်ကြာ စစ်ကြောင်းထိုးနေစဉ်အတွင်း ကုက္ကိုကုန်းကို တစ်ကြိမ်၊ မဒေါင်၊ လွှတ်တိုက်နှင့် ဆွဲလှဲရွာတို့ကို နှစ်ကြိမ်စီ မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းများအား လုယက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၀၊ ၂၁ ၊ ၂၂ နှင့် ၂၄ ရက်နေ့တွင်လည်း ကျွန်းလှမြို့နယ်၊ ကုက္ကိုလ်ကုန်းကျေးရွာနှင့်အနီးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်နှင့် ဒရုန်းဖြင့်လည်း ဗုံးကြဲခဲ့ရာ ပြည်သူတစ်ဦးသေဆုံးခဲ့သေးကြောင်းသိရသည်။