By MPA 012
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ဖမ်းဆီးသွားသော လူ၄ဦး၏ အလောင်းကို ဦးခေါင်းသေနတ်နှင့်အပစ်ခံထားရသည့်ဒဏ်ရာဖြင့် လမ်းဘေး၌ပြန်တွေ့ရ ကြောင်း သိရသည်။
အဆိုပါ၄ဦးတွင် အမျိုးသမီးတစ်ဦးပါဝင်ပြီးအကြမ်းဖက်စစ်တပ်က နိုဝင်ဘာ၃ရက်ည၌ ဖမ်းဆီးသွားပြီး နောက် နိုဝင်ဘာ၄ရက်နေ့တွင် အလောင်းများကို လမ်းဘေး၌ စွန့်ပစ်ထားခြင်းဖြစ် ကြောင်း မြို့ခံတချို့က ဆိုသည်။
“ လူသတ်ပြီးတော့ အလောင်းကို လမ်းဘေးစွန့်ပစ်ထားခဲ့တာပေါ့။ ခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတာပါ “ ဟု ဒေသခံ တဦးကပြောသည်။
သေနတ်နှင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသူမှာ အမှတ် (၈) ရပ်ကွက်နေ ဦးသန်းမြင့်ဆွေ၊ အမှတ် ၇ ရပ်ကွက်နေ ဒေါ်အေးမြတ်မွန်နှင့် အမျိုးသား တစ်ဦးတို့ဖြစ်ကြောင်း၊ ယခုလ ၃ ရက်နေ့ည ၁၀ နာရီခွဲအချိန်တွင် ၎င်းတို့နေအိမ်များ၌ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ အဖမ်းခံရပြီးတော့ ဇေဒိတ်ကျေးရွာနဲ့ ထန်း တောကျေးရွာကြား ကျေးရွာချင်းဆက်လမ်းဘေးမှာ အလောင်းတွေကို ပြန်တွေ့တယ်။ အကုန်လုံး ခေါင်းတွေကို သေနတ်နဲ့ ပစ်ခံထားရတယ် “ ဟု အမှတ် ၇ ရပ်ကွက်အနီးနေ ဒေသခံ တဦးကပြောသည်။
ထို့အတူ ဆူးဖြူကန်ကျေးရွာနေ ဦးစောရွှေ (၅၅) နှစ်သည် ယခုလ ၃ ရက်နေ့ ည ၉ နာရီ ခွဲအချိန်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် လက်ပန်ကျေးရွာနှင့် ဇဂျမ်းကုန်းကျေးရွာသွားကားလမ်းဘေးတွင် ၎င်း၏အလောင်းကိုပြန်လည်တွေ့ရှိခဲ့ရပြီး ဦးခေါင်းကို ပစ်ခတ်ခံထားရကြောင်း ဒေသခံများကပြောသည်။
“ PDF တွေလုပ်တာ မဟုတ်ဘူးဗျ။ စစ်အုပ်စုနဲ့ ပျူတွေလုပ်တာပါ။ ဒီကောင်တွေပဲ ညလူတွေလိုက်ဖမ်း မနက်သတ်ဖြတ်ပြီး လမ်းဘေးပစ်ထားတာပါ “ ဟု မြို့ခံ တဦးကမှတ်ချက်ပြုသည်။
ဆူးဖြူကန်ရွာတွင် ဇီးကန်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရပြီးနောက် ဦးစောရွှေ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံ တဦးကပြောသည်။
ယခုလ ၂ ရက်နေ့က ဆူဖြူကန်ကျေးရွာနေ ဇီးကန်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးမြလွင် (အသက်၆၀) သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် ပစ်ခတ်ရှင်းလင်းခံခဲ့ရသည်။