By MPA 008
ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (ခ) ပျူစောထီးအဖွဲ့တို့၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် လမ်းလုပ်သား ကျောက်တင်ကားမောင်းသူတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အကြောင်းမဲ့ ပစ်ခတ်ခံရမှုဖြင့် သေဆုံးခဲ့သူမှာ အသက် ၂၇ နှစ်အရွယ်ရှိ မြိတ်ဒေသခံ ဦးမောင်စိုး ဆိုသူ ဖြစ်ပြီး ၎င်းသည် ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်းတွင် လမ်းခင်းသည့် ကျောက်တင်ကားမောင်းသူ ဖြစ်ကာ အောက်တိုဘာ ၂၂ ရက်နေ့ ည ၈ နာရီအချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ပြည်ကြီးမဏ္ဍိုင် မြို့ခံ တစ်ဦးက ပြောသည်။
“သူက လမ်းလုပ်တဲ့အဖွဲ့က ယာဉ်မောင်းတစ်ဦးဖြစ်တယ်၊ ညအချိန် လမ်းမှာသွားနေလို့ အပစ်ခံရတာ ဖြစ်မယ်” ဟု ၎င်းကပြောဆိုသည်။
ယခုလအတွင်း ဘုတ်ပြင်းမြို့နယ် ဝါးချောင်းကျေးရွာမှ သားအဖနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ် ခဲ့မှုကြောင့် အသက် ၃၀ နှစ်ဝန်းကျင်အရွယ် ဖခင်ဖြစ်သူသေဆုံးခဲ့ပြီး အသက်ရှစ်နှစ်အရွယ်သားဖြစ်သူ လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
ကော့သောင်းခရိုင်အတွင်း ယခင်က ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကင်းလှည့်ချိန် လမ်းတွင်တွေ့သည့် ပြည်သူများကို သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးခြင်း၊ ကားနှင့်တိုက်ဖမ်း ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။