19 Oct 2022 By MPA 011
မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်တွင်း ထောင်ဝင်စာ ပစ္စည်းပို့ခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူများကပြောသည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် ပေါက်ကွဲမှုဖြစ်ပွါးပြီး ဝန်ထမ်းနှင့် ပြည်သူတချို့ သေဆုံးမှုများရှိခဲ့ပြီးနောက် အိုးဘိုအကျဉ်းထောင်တွင်လည်း ယခုလိုကန့်သတ်လိုက်ခြင်းဖြစ်သည်။
“ ဒီကနေ့ ပို့တဲ့ပစ္စည်းကနောက်ဆုံးပေါ့ နောက်နေ့တွေတော့ ပို့မရတော့ဘူးဆိုတဲ့ သဘောပြောတာပါ “ ဟု အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးကပြောသည်။
ထောင်ဝင်စာ ပစ္စည်းပို့ခြင်းကို ပိတ်ပင်ပါက လက်ရှိအကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးနှင့် အစားအသောက်အခက်အခဲဖြစ်လာနိုင်ကြောင်း ဒေသခံများကပြောသည်။
“ ဆေးဝါးတွေဘာတွေလိုအပ်ရင် ပို့ပေးရတာရှိတယ်။ နိုင်ကျဉ်းတွေက ထောင်ထဲမှာ ပဲရုံးထုတ်စစ်ဆေးနေတာတွေရှိတော့ အပြင်ကလို ရုံးချိန်းရှိတဲ့ချိန်တွေ့ရဖို့ကလည်း မလွယ်ဘူး “ ဒေသခံ တဦးကပြောသည်။
အကျဉ်းထောင်အတွင်း ထောင်ဝင်ပစ္စည်းပို့နေမှုကို ကန့်သတ်သည့် တရား၀င်ထုတ်ပြန်မှုမျိူတော့ မရှိသေးကြောင်း အိုးဘိုအကျဉ်းထောင်၀န်ထမ်းများကဆိုသည်။