By MPA 001
မိုးဗြဲရှိ အပြစ်မဲ့ ပြည်သူ့နေအိမ်အလုံး ၁၀၀ကျော်အား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဘုရားကျောင်းများကိုအကာအကွယ်ပြုကာ တပ်စွဲနေကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)မှ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ရက်နေ့ကဖြစ်ပွားခဲ့သည့် လေးရက်မြောက်မိုးဗြဲတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် မိုးဗြဲမြို့၊ပွဲကုန်း ၁ရပ်ကွက်၊၂ရပ်ကွက်နှင့် ၃ရပ်ကွက်ရှိ ပြည်သူ့နေအိမ် ၄၀လုံးကျော် ပျက်စီးထိခိုက်ခဲ့ကြောင်း ကရင်နီပြည်သူ့အင်အားစု(PKPF)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ဒီနေ့က ၅ရက်မြောက်နေ့ပေါ့။တိုက်ပွဲအတွင်း နေအိမ်အလုံး၁၀၀ကျော်ပျက်စီးခဲ့တာကို ဒီနေ့ထုတ်ပြန်ထားပါတယ်။ကျွန်တော်တို့သတင်းရသလောက်က ဒီကောင်တွေ ဘုရားကျောင်းမှာ ဆက်ပြီးတပ်စွဲထားတုန်းပဲ။အဓိကက ပြည်သူတွေကို မိုးဗြဲ၊ဖယ်ခုံလမ်းကို အသွားအလာမပြုစေချင်တာပါ။တိုက်ပွဲက ဆက်လက်ဖြစ်ပွားနိုင်သေးတယ်” ဟု ကရင်နီပြည်သူ့အင်အားစု(PKPF)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့မိုးဗြဲတိုက်ပွဲမြေပြင်အခြေအနေနှင့်ပတ်သက်ပြီး Kayan Generation Youth၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးအား MPAမှ မေးမြန်းရာ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ ငြိမ်သက်လျက်ရှိကြောင်းပြောသည်။
“ ဒီနေ့ကတော့ဘာသံမှ မကြားရသေးဘူး။အခုထိငြိမ်နေတုန်းပဲ။တပ်စွဲထားတဲ့ကောင်တွေကို သတ္တိရှိရင်ပုန်းမနေဘဲ ထွက်ခဲ့ဖို့ပြောချင်ပါတယ်” ဟု Kayan Generation Youth၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးမှ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့မှ စတင်ပြီး ကရင်နီ (ကယား) နှင့် ရှမ်းနယ်စပ်ရှိ မိုးဗြဲတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များတိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေယာဉ်များအသုံးပြုတိုက်ခိုက်လျက်ရှိသည်။