တနင်္သာရီတိုင်း၊ ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီက တစ်ပတ်အတွင်း အပြစ်မဲ့ ပြည်သူ ၁၅ ဦးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးအရေးယူခဲ့ကြောင်း သက်ဆိုင်ရာ မြို့ခံများထံမှ သိရသည်။
ဖမ်းဆီးခံ အပြစ်မဲ့ ပြည်သူ ၁၅ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့ အထိ ဧည့်စာရင်းစစ်ခြင်းအပြင် အခြားသော အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံသတင်းအရင်းမြစ်များထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးမှုများထဲတွင် ထားဝယ်မြို့နယ်၊ ပိန္နဲတောရပ်ကွက်အတွင်းရှိ ဘော်ဒါဆောင် တစ်ခုတွင် ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်း၌ ဧည့်စာရင်းစစ်မည်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီးနောက် အမျိုးသားဘော်ဒါဆောင်ရှိ လူငယ်လေးဦးကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ရိုက်နှက်ကာ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
ဖမ်းဆီးခံရသူများမှာ ကိုအေဝမ်းတင်၊ ကိုနိုင်အောင်ဝင်း၊ ကိုလင်းထက်ခေါင်နှင့် ကိုမြတ်ဝေယံဦးတို့ ဖြစ်ကြောင်း သိရသည်။
” အမျိုးသားဘော်ဒါဆောင်မှာ ဧည့်စာရင်း လာစစ်ရင်း ဖမ်းသွားတာပါ၊ အခန်းတွေအားလုံးကို စစ်တပ်က ဝင်မွှေနှောက်သွားတယ်၊ ဘာအမှုနဲ့ လာဖမ်းလည်းဆိုတာ သေချာမသိရသေးပါဘူး ” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်း၌ ထားဝယ်မြို့၊ ဥဿရံရပ်ကွက်၊ မောလဲဘုရားလမ်းတွင် လူငယ်နှစ်ဦး ဆိုင်ကယ်တစ်စီးတည်း စီးနင်းလာစဉ် အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ထိပ်တိုက်တွေ့ပြီး သေနတ်ဖြင့် ချိန်ရွယ်ကာ ခြိမ်းခြောက်ဖမ်းဆီးခြင်း ခံခဲ့ရသည်။
အလားတူ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီခန့် အချိန်တွင် ထားဝယ်မြို့၊ ညောင်ရမ်းတောင် ရပ်ကွက်၊ တောင်ပေါ်သား ကားဝပ်ရှော့ အရှေ့တွင် Honda Fit ကား အမျိုးအစားဖြင့် လူငယ် သုံးဦး စီးနင်းလာစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။
” ကင်းလှည့်နေတဲ့ စစ်တပ်ကားနဲ့ တိုးပြီး ဖမ်းခံလိုက်ရတာပါ၊ လူငယ်တွေကို လမ်းပေါ် ဒူးထောက်ခိုင်းပြီး ရိုက်နှက်တာတွေလုပ်ပြီး ဖမ်းဆီးသွားတာပါ ” လို့ ညောင်ရမ်းတောင်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြော သည်။
ထို့အတူ မြိတ်မြို့နယ်တွင်လည်း စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်း၌ ကလွင်နယ်မြေ တောင်းပြိုရပ်ကွက်ရှိ နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ရာအိမ်မှူးအဖွဲ့တို့က ဧည့်စာရင်းစစ်မည်ဟုဆိုကာ နေအိမ်အား ဝင်ရောက်စီးနင်းပြီး အသက် ၁၂ နှစ် အရွယ် ကလေးငယ်တစ်ဦး အပါဝင် မိသားစုဝင်သုံးဦးကို ရိုက်နှက်ကာ ဖမ်းဆီးသွားသည့်အပြင် ငွေခုနှစ်သိန်း၊ ဆိုင်ကယ်တစ်စီးနှင့် အိမ်စာချုပ်တို့ကို လုယူသွားခဲ့ပြီး ယင်းရပ်ကွက်ရှိ အခြားနေအိမ် တစ်လုံးတွင်လည်း ဆေးဆိုင်ရောင်းချနေသည့် မိသားစုဝင်နှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။
“ နေအိမ်ပိုင်ရှင် ဦးမျိုးမြင့်လွင်ကို ရိုက်နှက်ဖမ်းဆီးတာပါ။ အဲ့ချိန်မှာ ဇနီးဖြစ်သူနဲ့ ကလေးငယ်တို့က ငွေနဲ့ ပစ္စည်းတွေကိုမယူဖို့ ငိုယိုတောင်းပန်ရာမှာ သုံးဦးစလုံးဖမ်းခံလိုက်ရတာဖြစ်ပါတယ် ” ဟု ယင်းရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အလားတူ စန္ဒာဝတ်ကျေးရွာတွင် စက်တင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီ အချိန်၌ အိမ်စီးကားလေးစီးနှင့် ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်မည်ဟုဆိုကာ နေအိမ်တစ်လုံးကို ကန်ဖွင့်ပြီး အိမ်တွင်းရှိ အမျိုးသားတစ်ဦးကို လျှပ်စစ်ကျင်စက်ဖြင့်ထိုးကာ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရသည်။
အထက်ပါ မြို့နယ်နှစ်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း နေ့စဉ် ပြုလုပ်နေပြီး ဒေသခံသတင်းအရင်းမြစ်များအဆိုအရ မြေပြင်၌ ဖမ်းဆီးခံရသူ ယခုထက် ပိုများနိုင်ကြောင်း သိရသည်။