By MPA 003
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြေပြင်တွင် တိုက်ပွဲရှုံးသည့်အပြင် ၄င်းတို့ဘက်မှ ဗိုလ်ကြီးများ အရှင်ဖမ်းမိခံလိုက်ရသောကြောင့် ပြည်သူများကိုပစ်မှတ်ထားပြီး ကောလင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာကို ညသန်းခေါင်တွင် လေယာဉ်ဖြင့်လာရောက် ဗုံးကျဲတိုက်ခိုက်သွားသည်ဟု ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။
ယမန်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တို့ ကောလင်း ၊ ကျွန်းလှ နှင့် ကန့်ဘလူ မြို့ ၃ မြို့အစပ်တွင်ရှိသော အောင်ချမ်းသာရွာ နှင့် လက္ခုပင်ရွာကြား၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ သုံးပွင့် ဗိုလ်ကြီး ၂ ဦး နှင့် တစ်ပွင့်ဗိုလ်လေး ၁ တစ်ဦးတို့ကို အရှင်ဖမ်းမိခဲ့ပြီး ၊ လက်နက်ခဲယမ်းများစွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိထားကြောင်း ကန့်ဘလူခရိုင်တပ်ရင်း (၂) မှထုတ်ပြန်ထားသည်။
“ စစ်ခွေးတွေက အဓိက ကတော့ မနေ့ညနေတိုက်ပွဲမှာ အကျဆုံးများတဲ့အတွက်ရယ်၊ လက်နက်တွေ ပေးလိုက်ရတဲ့အတွက်ရယ်၊ သူတို့လူတွေကို အသေရောအရှင်ရော ဖမ်းမိထားတွေအတွက်ရယ်ကို အစာမကြေဖြစ်ပြီး ပြန်လာပစ်တာပါ။ ပြီးရင် သတင်းမှားပြီး ရွာကိုသွားပစ်တော့ အပြစ်မဲ့ရွာသားတွေ ထိခိုက်ကုန်တာပေါ့ ” ဟု ကန့်ဘလူခရိုင်တပ်ရင်း၂ မှတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ည၁၁နာရီချိန်တွင် ကောလင်းမြို့နယ်အနောက်ခြမ်း ချောင်းနားတိုက်နယ်၊ သစ်ဆိမ့်ကုန်းရွာသို့ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ(၄)ဦး ထိမှန်သေဆုံးသွားပြီး တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ထိခိုက်သေဆုံးခဲ့သူများမှာ ၄ ဦးမှာ မောင်ပြည့်စုံ(၆) နှစ် ၊ ကိုမိုးအောင် ၊ ကိုဇင်မျိုးထွန်း၊ မဖြူဇာဝင်း (ကိုယ်ဝန်ကိုးလလွယ်ထား)တို့ ဖြစ်ကြောင်း Kawlin Revolution (KR)အဖွဲ့ မှ ထုတ်ပြန်ထားသည်။
ယမန်နေ့ ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရရှိထားသော လက်နက်ခဲယမ်းများမှာ MA1 ၇ လက် ၊ MA2 ၂ လက် ၊ MA3 ၇ လက် ၊ MA4 ၁ လက်၊ 60MM ပြောင်းတို ၂ လက် ၊ RPG ၁ လက်၊ RPG ကျည် ၂ လုံး ၊ MA ကျည်ဘောက် ၅၅ဘောက် ၊ 60MM ကျည် ၁၈ လုံး ၊ 5.56 ကျည် ၁၈၆၇ တောင့် ၊ 40MM ကျည် ၆လုံး ၊ အီနာဂါ ၄ လုံး ၊ ဦးထုပ် ၆ လုံး ၊ နင်းမိုင်း ၅ လုံး ၊ လက်လုပ်တူမီး ၁ လက်၊ လက်လုပ်တစ်ထောင့်ထိုး ၁ လက် ၊ မီးကျည် ၂ ထောင့် ၊ Jumper ၁ ခု ၊ မပတ(မြေပုံ) ၂ ခု ၊ 84MM ပြောင်း ၁ လက် ၊ 84MM ၂ ခု နှင့် MA Pistol ၁လက် နှင့် ဘောက် ၂ ခု တို့ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက် ၉ နာရီကျော်ချိန်တွင် ကောလင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးများစတင်ရှို့နေကြောင်းနှင့် ထိုမီးရှို့မှုများကြောင့် ထိခိုက်ပျက်စီးသည့် အခြေနေကိုတော့ မသိရှိရသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။