By MPA 004
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ ရွာအချို့က ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်မှုများပါ ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းတစ်ကြောင်းသည် ဩဂုတ် ၂၁ ရက်နေ့၊ နံနက်ကိုးနာရီကျော်ကတည်းက ကနီမြို့နယ်သို့ ရောက်ရှိနေပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ယမန်နေ့က မုံရွာ၊ ယာကြီး၊ ကလေးဝကားလမ်းဘေးတွင်ရှိသည့် ရွာများအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး လက်ရှိတွင်လည်း နှစ်ဘက်တင်းမာမှုများရှိနေသည့်အတွက် ယင်းဒေသရှိ ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စုံစမ်းသိရှိရသည်။
“ ၃၁ မိုင်လမ်းဘေး အင်တိုင်းတောရွာအနီးအနားမှာ ဒေသခံတော်လှန်ရေးတပ်တွေနဲ့ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းရွာက တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ မနေ့က အပြန်အလှန်တိုက်ပွဲဖြစ်တယ်။ အဲ့ဒီနောက်မှာ စစ်ကောင်စီဘက်က ၃၁ မိုင်နားမှာရှိတဲ့ တောတိုက်ရွာတွေက နေအိမ်ငါးလုံးကို မီးရှို့တယ် ” ဟု ယင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူတစ်ဦးက MPA သို့ ရှင်းပြသည်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၏ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း သိရှိရပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ နှစ်ဦးဒဏ်ရာရရှိပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိနေသည်ဟု စုံစမ်းသိရှိရသည်။
မုံရွာ၊ ယာကြီး၊ ကလေးဝကားလမ်းဘေးတွင်ရှိသည့် ရွာများအနီးသို့ ရောက်ရှိလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းသည် အင်အား ၁၅၀ ဝန်းကျင်ရှိပြီး ယင်းဒေသရှိ အရပ်သားပြည်သူများကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးကာ သတ်ဖြတ်မှုလည်းပြုလုပ်ကြသည်ဟု စုံစမ်းသိရှိရသည်။
“ အရပ်သားပြည်သူသတ်ဖြတ်ခံရတာ တစ်ယောက်ရှိတယ်။ ဦးချစ်ဝင်း အသက် (၅၉) နှစ်ပါ။ ဓားစာခံခေါ်လာပြီး သတ်ပစ်လိုက်တာပါ။၂၂ ရက်နေ့မှာ သတ်တာ။ ဓားစားခံကိုးယောက်လောက် ခေါ်လာတယ်။ သတ်ပစ်လား မသတ်ပစ်လားတော့ မသိရသေးဘူး။ ခုနကပြောတဲ့လူကတော့ ၃၁ မိုင်အရောက်မှာ သတ်ပစ်ခံရတယ်ဆိုတာ အတည်ပြုလို့ရတယ် ” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက MPA သို့ ဆက်လက်ပြောပြသည်။
ကနီနှင့်ယင်းမာပင်သည် ဟိုဘက်သည်ဘက် ချောင်းသာခြားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။ ကနီမြို့နယ်တွင် စစ်ရှောင်ဦးရေ ခန့်မှန်းချေမှာ တစ်သောင်းခွဲကျော်ရှိနေသည်ဟုဆိုပြီး ထို့ထက်လည်း ပိုများနိုင်သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ရှောင်ပြည်သူအများစုမှာ လက်ရှိတွင် မိုးရာသီကာလဖြစ်သောကြောင့် ဖျားနာတုပ်ကွေးရောဂါများဖြစ်ပွားလျက်ရှိနေပြီး ကလေးငယ်များအတွက် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကိုလည်း စိုးရီမ်နေရကာ စားဝတ်နေရေးအတွက်ရော ကျန်းမာရေးအတွက်ပါ အဘက်ဘက်မှ ခက်ခဲကျပ်တည်းနေရသည်ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးကဆိုသည်။
လက်ရှိတွင် ကနီနယ်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ကြောင်း ရောက်ရှိနေပြီး ယခုလ ၁၇ ရက်နေ့၊ ကနီမြို့နယ် ကင်းရွာကို ရဟတ်ယာဉ်ပေါ်မှ လေထီးနှင့် ဆင်းလာကြသည့် စစ်ကြောင်းနှင့် မုံရွာ၊ ယာကြီး၊ ကလေးဝကားလမ်းဘေးရှိ ရွာများသို့ ရောက်ရှိနေသည့် စစ်ကြောင်းများဖြစ်သည်ဟု စုံစမ်းသိရှိရသည်။