By Haythar / MPA
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှ MNDAA တပ်များ ဆုတ်ခွာပြီးနောက် လားရှိုးမြို့ကို တရုတ်ထံ ရောင်းလိုက်သည်ဟုဆိုကာ AI ဖြင့် ဖန်တီးထားသော ဓာတ်ပုံအမှားများ ဆိုရှယ်မီဒီယာများ၌ ပျံ့နှံ့လျက်ရှိသည်။
Dai Meng Mao Long ဆိုသည့် ဖေ့ဘွတ်ခ်က ဧပြီ ၂၁ ရက် ညပိုင်းတွင် တရုတ်နိုင်ငံအလံနှင့် လားရှိုးမြို့မှကြို ဆိုပါ၏ ဆိုင်းဘုတ်ရှေ့တွင် အနောက်တိုင်းဝတ်စုံဝတ်ထားသူနှင့် မြန်မာတိုက်ပုံ ဝတ်ထားသူတို့ပါဝင်သော ဓာတ်ပုံများကိုအသုံးပြုပြီး “ ရောင်းလိုက်ပြီ” ဟုရေးသားဖြန့်ဝေထားသည်။
အဆိုပါ ရေးသားဖြန့်ဝေမှုကို ဧပြီ ၂၂ ရက် ညနေပိုင်းအထိ like and react လုပ်သူ ၃၀၀ ကျော်၊ မျှဝေသူ ၄၀၀ ကျော်ရှိပြီး ပျံ့နှံ့မှုနှုန်းများနေသည်။
သတင်းအမှားလင့်ခ် – https://archive.ph/n98Bz
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရသည်။
သက်သေပြစိစစ်ချက်
ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ about this image ဆို သည့်နေရာတွင် AI ဖြင့်ပြုပြင်ဖန်တီးထားသည့်ဓာတ်ပုံဖြစ်ကြောင်း ဖော်ပြထားသည်။
ထပ်မံ၍ အတည်ပြုနိုင်ရန် Google တွင် “လားရှိုးမြို့ကို စစ်ကောင်စီတပ်ပြန်ဝင် ” ဆိုသည့် စာသားဖြင့် ရှာဖွေ ရာ “ BBC, Myanmar Now, Mizzima သတင်းမီဒီယာတို့က သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် စစ်ကောင်စီကို အုပ်ချုပ်ရေးယန္တရား လွှဲပြောင်းပေးရန် မြန်မာဆိုင်ရာ တရုတ်အထူးသံ တမန် တိန့်ရွှီကျင်း လားရှိုးမြို့ကို ရောက်နေကြောင်း၊ စစ်တပ်နှင့် ကိုးကန့်တပ်(MNDAA)တို့ကြား အပစ်ရပ်ကတိ ကို တရုတ်ကြားဝင်စေ့စပ်ခဲ့ပြီးနောက် ဧပြီ ၂၁ ရက်တွင် ကိုးကန့်တပ်ဖွဲ့ဝင်များအားလုံး လားရှိုးမြို့ အုပ်ချုပ်ရေးမှ ထွက်ခွာခဲ့ရကြောင်း ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
BBC – https://shorturl.at/apRZR
Myanmar Now – https://shorturl.at/QyTfW
Mizzima – https://shorturl.at/G2ZOR
သုံးသပ်ချက်
စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ကြား တရုတ်ကြားဝင်စေ့စပ်ပေးမှုဖြင့် လားရှိုးမြို့မှ MNDAA တပ်များ ဆုတ်ခွာရပြီး စစ်ကောင်စီတပ် အုပ်ချုပ်ရေးပိုင်းများက နေရာယူရန်ပြင်ဆင်နေကြပြီဖြစ်သည်။
လားရှိုးမြို့တွင် တရုတ်နိုင်ငံမှ အထူးသံတမန် တိန့်ရွှီကျင်းနှင့် အဖွဲ့ရောက်ရှိနေပြီး နှစ်ဖက်တပ်ကို စောင့်ကြည့်ရန် တရုတ် စောင့်ကြည့်ရေးတပ်ဖွဲ့များရောက်ရှိနေသည်။
ထို့အပြင် လားရှိုးမြို့ကို စစ်ကောင်စီတပ်ထံပြန်လည်လွှဲပြောင်းရေး သုံးပွင့်ဆိုင်ဆက်လက်ဆွေးနွေးနေသည့် အခြေအနေဖြစ်ကြောင်း သတင်းမီဒီယာများတွင်ရေးသားဖော်ပြထားသည်။
ထို့ကြောင့် ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့လျက်ရှိသော လားရှိုးမြို့ကို တရုတ်ထံ ရောင်းလိုက်ပြီဟု AI ဖြင့် ဖန်တီးထား သော ဓာတ်ပုံသည် မှားယွင်းနေသော ဓာတ်ပုံဖြစ်ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။