By Wadi/MPA
အောက်လမ်းနည်းဖြင့် စီရင်ပြုလုပ်ထားသော မဟာစည်တော်ကြီးကြောင့် စစ်ကိုင်းတိုင်းတွင် ငလျင်ဒဏ်အထိနာပြီး ကပ်ဆိုက်နေရ ဆိုသည့် သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒ ဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“DGF21News” တယ်လီဂရမ်ချန်နယ်က ဧပြီ ၆ ရက် နံနက် ၁၁ နာရီ ၁၁ မိနစ်တွင် ဒေါ်အောင်ဆန်း စုကြည်အစိုးရ လက်ထက်တုန်းက အောက်လမ်း နည်းဖြင့် ကျိန်စာတိုက်ထားသည့် စည်တော်ကြီး ရှိကြောင်း၊ စည်တော်ကြီးအပါအဝင် စည်တော် ငယ် ၁၃ ခု ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် လူယုံဝန်ကြီးများ၏ အိမ်တွင် တစ်လုံးစီ သိမ်းဆည်းထားကြောင်း၊ ၎င်းစည်တော်ကြီး ကြောင့် စစ်ကိုင်းတိုင်းတွင် ကပ်ဘေးသင့်နေရ ခြင်းဖြစ်ကြောင်း၊ နှစ်ဆန်းတစ်ရက်နေ့မတိုင်ခင် အားလုံးဖျက်စီးပစ်နိုင်မှ စစ်ကိုင်းတိုင်းငြိမ်း ချမ်းမည်ဖြစ်ကြောင်း ၊ စည်တော်ကြီးပြုလုပ်ချိန် တွင် ဒေါ်အောင်ဆန်းစုကြည်၏ ထမီကို မီးရှို့ပြာ ချပြီး ပြာများကို လေယာဉ်ဖြင့်ကျဲကာ စီရင်ထား ကြောင်း၊ နေပြည်တော်ကို အဓိကထား၍ ကျဲခဲ့ ခြင်း ဖြစ်ကြောင်း ၊ နိုင်ငံအနှံ့ ပရိတ်ပဌာန်းရေ များ ပတ်ကြဲပေးရန် လိုကြောင်း စည်တော်ကြီး၏ ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေထားခြင်း ဖြစ်သည်။
အဆိုပါအကြောင်းအရာကို ဧပြီ ၉ ရက် မွန်းလွဲပိုင်း အထိ ဝင်ရောက်ကြည့်ရှုသူ ၄၅,၀၀၀ ကျော်၊ Reaction ပေးသူ ၁၀၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>>https://archive.ph/7H4fA
https://archive.ph/oFB1W
အဆိုပါအကြောင်းအရာကို “Ko Thet, မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားေနသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Ko Thet – https://archive.ph/x3y8b
မှိုင်းဝေ – https://archive.ph/0CRPN
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံ အကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေ ကြည့်ရာ “Myanmarload” ဝက်ဘ်ဆိုက်၌ ဖော်ပြ ထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
Myanmarload ဝက်ဘ်ဆိုက်တွင် ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက် ရက်စွဲဖြင့် စစ်ကိုင်းတိုင်း၊ ကသာ ခရိုင်၊ အင်းတော်မြို့နယ် လက်ပံကုန်း ရွာတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးအဖြစ် စံချိန်တင်မည့် စည်တော်ကြီးတစ်ခုကို ထွင်းထုနေကြောင်း၊ စည်တော်ကြီးကို မြန်မာ့တူရိယာလက်မှုပညာရှင် ဦးကျော်ညွန့်က ထွင်းထုနေခြင်းဖြစ်ကြောင်း၊ စည်တော်ကြီးမှာ အလျား ၁၀ပေ ၈ လက်မ၊ ထိပ်ဝအကျယ် ၅ ပေ ၄လက်မ ရှိကြောင်းကို မြန်မာ့အလင်းကို ကိုးကား၍ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/Xl96
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “မြန်မာ့အကြီးဆုံး စည်တော်ကြီး” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Mizzima, The Irrawaddy” အပါအဝင် အခြား မီဒီယာများတွင် သတင်းရေးသား ဖော်ပြထားသည်။
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် လက်ပံကုန်းရွာတွင် ထုလုပ်ခဲ့သည့် မြန်မာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတွင် ထားရှိမည်ဖြစ်ကြောင်း၊ စည်တော်ကြီးမှာ အင်းတော်သင်္ချိုင်းဖျက်ရာမှ ရရှိထားသည့် ကုက္ကိုလ်သားကို ထွင်းထုခဲ့ခြင်းဖြစ်ကြောင်း၊ အင်းတော်မြို့နယ်ရှိ ဆရာပွဲ မြန်မာ့တူရိယာလုပ်ငန်းက မြန်မာ့တူရိယာလက်မှုပညာရှင် ဦးကျော်ညွန့်နှင့်သားတပည့်များက ထွင်းထုခဲ့ခြင်းဖြစ်ကြောင်း၊ စည်တော်ကြီးအတွင်းပိုင်းတွင် ဘုရားဟော တရားဒေသနာတောများနှင့် ဂါထာတော်များ၊ ဗားမဲ့ဆရာတော်ဘုရားကြီး၏ ဂါထာတော်နှင့် လောကီအစီအမံများ၊ စည်တော်အပြင်ပိုင်းတွင် ဗုဒ္ဓဘုရားရှင်၏ ၁၀၈ ကွက်သော ခြေတော်ရာ စက်လက္ခဏာအား နတ်သားများပူဇော်နေသည့်ပုံ အား ထွင်းထုပြုလုပ်ထားကြောင်း၊ ၂၀၁၈ ဖေဖော်ဝါရီ ၁၂ ရက် တွင် စတင်လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် အလုံးစုံ ပြီးစီးခဲ့ကြောင်း၊ သီတဂူ ဆရာတော်ကြီးက အဓိကဒုန္ဒုဘ ဟု အမည်ပေးခဲ့ကြောင်း၊ အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်တွင် စည်တော်ကြီးကို ဖြုတ်ချခဲ့ပြီး အင်းတော်ဒေသ သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း” ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Mizzima – https://bitly.cx/iDWjM
The Irrawaddy – https://bitly.cx/gKUE
Irrawaddy – https://bitly.cx/6M70
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် မြန်မာ့အကြီးဆုံး စည်တော်ကြီးကို ထွင်းထုခဲ့ပြီး ကောင်းမှုတော်စေတီတွင် ထားရှိကြောင်း၊ စည်တော်ကြီးကို မြန်မာ့တူရိယာလက်မှုပညာရှင် ဦးကျော်ညွန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စည်တော်ကြီး၏အတွင်းအပြင်တွင် ဗုဒ္ဓဂါထာတော်များ၊ တရားတော်များကို ထွင်းထုပြုလုပ်ထားကြောင်း ရေးသားထားသည်။
စည်တော်ကြီးကို အောက်လမ်းနည်းဖြင့် ကျိန်စာတိုက်ပြုလုပ်ထားသည်ဟု ဖော်ပြထားခြင်း မတွေ့ရပါ။
ထို့ပြင် မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့ကို ဦးတည် လှုပ်ခတ်သွားသော အင်အား ၇.၇ ငလျင်မှာ မြန်မာနိုင်ငံရှိ အကြီးဆုံးငလျင်ကြော ဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ကြော လှုပ်ခတ်မှုဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့ကြောငလျင်သည် သမိုင်းတစ်လျှောက် လူအသေအပျောက်များသော ငလျင်လှုပ်ခတ်မှုဖြစ်သည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ အောက်လမ်းနည်းဖြင့် ကျိန်စာတိုက်ပြုလုပ်ထားသည့် စည်တော်ကြီးကြောင့် စစ်ကိုင်းတိုင်း ကပ်ဘေးသင့်” ဆိုသည့် အကြောင်းအရာသည် ကျိုးကြောင်းဆီလျော်မှုမရှိသော သတင်းအမှားသာဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။