By Haythar/MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ၊ လက်ဝဲမြင်းနီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရမှုကို PDF ၁၃ ဦး ထက်မနည်း သေဆုံးဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေခဲ့ကြသည်။
PAN တယ်လီဂရမ်ချန်နယ်က မတ် ၂၅ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးနေသော နေအိမ် များ၊ မီးလောင်နေသော ဓာတ်ပုံများ အသုံးပြုထားသည့် ဗီဒီယိုနှင့်အတူ “နွားထိုးကြီး လက်ဝဲ၊ မြင်းနီရွာကို လေကြောင်း တိုက်ခိုက်ရာ PDF ၁၃ ဦး ထပ်မနည်း သေဆုံးခဲ့သည်” ဟုရေးသားဖြန့်ဝေထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို မတ် ၂၆ ညနေပိုင်းအထိ ကြည့်ရှုသူ ၇၇၀၀ ကျော်၊ like and react လုပ်သူ ၂၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များလည်း ကူးယူဖော်ပြထားကြသည်။
သတင်းအမှားလင့်ခ်များ
PAN – https://archive.ph/AxTTO
Snow Queen – https://archive.ph/yA3F3
Ye yint Htet – https://archive.ph/LftB0
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
ပျံ့နှံ့နေသော ဓာတ်ပုံအချို့ကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ Mizzima သတင်းမီဒီယာက ဖော်ပြထားသော သတင်းဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
Mizzima သတင်းမီဒီယာတွင် အဆိုပါဓာတ်ပုံများအား နွားထိုးကြီး လက်ဝဲမြင်းနီရွာကို စစ်ကောင်စီတပ် လေကြောင်း မှတိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး နေအိမ် ၂၀ ကျော်ထိခိုက်ပျက်စီး ဟု ရေးသားဖော်ပြထားသည်။
သတင်းလင့်ခ် – https://shorturl.at/o55WM
ထပ်မံ၍ အတည်ပြုနိုင်ရန် Google တွင် “ နွားထိုးကြီး မြင်းနီရွာ လေကြောင်းဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့် ရာ DVBနှင့် မြေလတ်အသံ သတင်းမီဒီယာတို့က သတင်းရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာများတွင် “လက်ဝဲမြင်းနီရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲရာ ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂၀ ကျော်ထိခိုက်ပျက်စီးကြောင်း၊ ကျေးရွာ လူနေအိမ်ပေါ် အဓိကထား၍ လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း၊ လက်ဝဲမြင်းနီရွာကို တစ်ညထဲ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ရွာခံ နှစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ ကြောင်း” ရေးသားဖော်ပြထားကြသည်။
သတင်းလင့်ခ်များ
DVB – https://shorturl.at/CZfUR
မြေလတ်အသံ – https://shorturl.at/e78wI
သုံးသပ်ချက်
လက်ဝဲမြင်းနီရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့သော ဖြစ်စဥ်မှန်ကန်သော်လည်း သေဆုံးသူမရှိသည့်အပြင် ထိခိုက်ဒဏ်ရာရသူများသည် အရပ်သားပြည်သူများဖြစ်သည်။
ဗုံးကြဲခံရမှုကြောင့် အသက် ၆၅နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော “နွားထိုးကြီး လက်ဝဲ၊ မြင်းနီရွာကို လေကြောင်းတိုက်ခိုက်ရာ PDF ၁၃ ဦး ထက်မနည်း သေဆုံး” ဆိုသည့်အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြု ဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။