By Haythar / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွား ခဲ့ပြီးနောက် PDF ၅၇ ဦး အရှင်ဖမ်းဆီးရမိသည်ဟု ဓာတ်ပုံဟောင်းအသုံးပြုပြီး ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေထားကြသည်။
နေပြည်တော် တယ်လီဂရမ်ချန်နယ်က မတ် ၂၁ ညပိုင်းတွင် အမျိုးသားများကို လက်ကြိုးချည်ပြီး ခေါ်ဆောင် လာသည့် ဓာတ်ပုံကိုအသုံးပြုပြီး “ရေလယ်ကျွန်းမိုးကွဲရွာတွင် PDF များကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံးမှု များရှိပြီး ၅၇ ဦး အရှင် ဖမ်းဆီးရမိသည်”ဟု ရေးသားဖြန့်ဝေထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို မတ် ၂၄ ညနေပိုင်းအထိ ကြည့်ရှုသူ ၁၁,၀၀၀ ကျော်၊ like and react လုပ်သူ ၁၅၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့ကြသည်။
သတင်းအမှားလင့်ခ်များ
နေပြည်တော် – https://archive.ph/9rGnQ
Truth Media – https://shorturl.at/BkzJW
Sit Min – https://archive.ph/YZiNO
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
ပျံ့နှံ့နေသည့် ဓာတ်ပုံကို Google Reverse Image Searchဖြင့် ရှာဖွေကြည့်ရာ “Myanmar Now” သတင်းမီဒီယာက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
Myanmar Now သတင်းမီဒီယာတွင် အဆိုပါ ဓာတ်ပုံကို “ ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာက ဒေသခံပြည်သူ ၁၉ ဦးကို ၂၀၂၁၊အောက်တိုဘာ ၂၈ တွင် စစ်ကောင်စီတပ်က ဖမ်းဆီးပုံ” ဟုရေးသားဖော်ပြထားသည်။
သတင်းလင့်ခ် – https://shorturl.at/ER9uT
RFA သတင်းမီဒီယာတွင်လည်း အဆိုပါဓာတ်ပုံကို ဖယ်ခုံမြို့နယ်က ရွာသားတွေကို ၂၀၂၁ အောက်တိုဘာ ၂၇ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းခေါ်လာစဉ်ဟုရေသားဖော်ပြထားသည်။
မူရင်းသတင်းလင့်ခ် – https://shorturl.at/YK5km
ထပ်မံအတည်ပြုနိုင်ရန် Googleတွင် “ရေလယ်ကျွန်းမိုးကွဲရွာ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ Myanmar Pressphoto Agency နှင့် People’s Spring သတင်းမီဒီယာတို့က ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမိုးဖြူရွာနှင့်မိုးကွဲရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာချိန် မိုးကွဲရွာအနောက်ဘက်တွင် တိမ်းရှောင်နေသည့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါဝင် ပြည်သူ ၅၃ ဦးကို စစ်ကောင်စီတပ်က ဓားစာခံဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံရသူအများစုမှာမိုးကွဲရွာဒေသခံများဖြစ်ကြောင်း နှင့် လက်ရှိ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးသွားကြောင်း” ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
MPA – https://shorturl.at/WHsZH
People’s Spring – https://shorturl.at/FwOgn
သုံးသပ်ချက်
ရေလယ်ကျွန်းဒေသကို ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာချိန် ထွက်ပြေးပုန်းရှောင်နေသည့် ဒေသခံပြည်သူ ၅၃ ဦး ဖမ်းဆီးခံထားရသည်။ ဖမ်းဆီးခံထားရသူများသည် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါဝင် ပြီး ပြည်သူများဖြစ်သည်ဟု သတင်းမီဒီယာများက ရေးသားဖော်ပြထားကြသည်။
ထို့ပြင် ရေလယ်ကျွန်းဒေသမှ PDF ၅၇ ဦး ဖမ်းဆီးရမိသည်ဟု ဖော်ပြထားသည့်ဓာတ်ပုံသည် ဓာတ်ပုံအဟောင်းဖြစ်သည်။
စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို မတ်လ ၁ ရက်မှစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်နေပြီး မြေစွန်းတော်၊ ဇရပ်နီ၊ မာလကာခြံ၊ သာဂေါင်၊ မြေတော်၊ ဘိစပ်ကုန်း၊ ငတရော်ရွာနှင့် နှင့် မြောင်နယ်မှ ပန်းညိုရွာတို့ကို မီးရှို့ ဖျက်ဆီးထားသည်။ ထို့အပြင် မြေစွန်းတော်ရွာက ရှစ်ဦး ၊ မာလကာခြံရွာက နှစ်ဦး ၊ သာခေါင်ရွာ ခြောက်ဦး ၊ မြေတော် ကျေးရွာ နှစ်ဦး စုစုပေါင်း ၁၈ ဦးတို့ကို အဆိုပါ စစ်ကြောင်းက သတ်ဖြတ်ထားသည်။
ထို့ကြောင့် ရေလယ်ကျွန်းမိုးကွဲရွာတွင် PDF များကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံးမှုများရှိပြီး ၅၇ ဦးအရှင်ဖမ်းဆီးရမိသည်ဆိုသည်မှာသတင်းအမှားအကြောင်းအရာဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။