By Wadi/MPA
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာရှိ လက်နက်တိုက်ကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်း ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
“KO CHIT (MDY)” တယ်လီဂရမ်ချန်နယ်က မတ်လ ၂၃ ရက် နံနက် ၁၁ နာရီ ၅၂ မိနစ်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲရှိ နှမ်းခါးရွာ ဗုံးကြဲခံရကြောင်း၊ သတင်းဌာနများက တင်ထားသည့် ဗုံးသီးပုံမှာ စစ်ကောင်စီ ၏ ဗုံးသီးမဟုတ်ဘဲ လက်လုပ်ရှော့တိုက်ဒုံးပုံ ဖြစ်ကြောင်း၊ ဒါကြောင့် လက်နက်စတိုခန်းတစ်ခုကိုစစ်ကောင် စီက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဗုံးသီးပုံနှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို မတ်လ ၂၄ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၇,၀၀၀ ကျော်၊ Reaction ပေးသူ ၂၅၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/V8zrc
အဆိုပါအကြောင်းအရာကို “Snow Queen, Ko Thet” နှင့် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/LMUbH
Ko Thet – https://archive.ph/3sCri
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ Mizzima မီဒီယာက သတင်းဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
Mizzima တွင် မတ်လ ၂၂ ရက်၌ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ နှမ်းခါးကျေးရွာ ဆေးခန်းကို စစ် ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၁ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများမှာ ဆရာဝန်၊ ဆရာဝန်၏ ကိုယ်ဝန်ဆောင်ဇနီးနှင့် သားဖြစ်သူ အပါ အဝင် ဆေးခန်းအတွင်းရှိ လူနာများ ဖြစ်ကြောင်း၊ သေဆုံးသူ ၁၁ ဦးတွင် အမျိုးသမီး နှစ်ဦး နှင့် ကလေးငယ် ငါးဦး ပါဝင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းဓာတ်ပုံ များနှင့်တကွ ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/TcNKq
Google တွင် “ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ ဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “RFA, Myanmar Now, DVB” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာရှိ ဆေးခန်းတစ်ခုကို မတ်လ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်း၊ CDM ဆရာဝန် မိသားစု သုံးဦး နှင့် ဆေးခန်းလာပြသူ အရပ်သားရှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ငါးဦး ပါဝင်ကြောင်း၊ မိတ္ထီလာ ရှမ်းတဲ လေတပ် ကနေ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်တွင် ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအသံနှင့်အတူ သတင်းဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
RFA – https://bitly.cx/USgd0
Myanmar Now – https://bitly.cx/gAHY
DVB – https://bitly.cx/UXrK
သတင်းမီဒီယာများ၏ ရေးသားဖော်ပြမှုအရ နှင်းခါးရွာရှိ ဆေးခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ မှုကြောင့် အရပ်သားများ သေဆုံးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီဝါဒဖြန့်သူများ ဖြန့်ဝေထားသကဲ့သို့ လက်နက်စတိုခန်းမဟုတ်ကြောင်း သိရသည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် မတ်လ ၂၄ ရက် မွန်းလွဲပိုင်းအချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။