By Haythar / MPA
လားရှိုးမြို့နေ ပြည်သူများက တရုတ်ဆန့်ကျင့်ရေး ဆန္ဒထုတ်ဖော်မှုကို MNDAA တပ်က တရုတ်ကို ဆန္ဒပြနေဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
People Media တယ်လီဂရမ်ချန်နယ်က မတ် ၂၁ ရက် ညနေပိုင်းတွင် တရုတ်သမ္မတပုံနှင့် ဆန့်ကျင်ရေးစာများ ကပ်ထားသည့် ဓာတ်ပုံများကိုအသုံးပြုပြီး “ လားရှိုးတွင် MNDAA က တရုတ်သမ္မတကို ဆန္ဒပြနေသည့် စာရွက် များ မြို့ထဲတွင် လိုက်လံကပ်ထားသည့် မြင်ကွင်း” ဟု ရေးသားဖြန့်ဝေထားသည်။
အဆိုပါ ရေးသားဖြန့်ဝေမှုကို မတ် ၂၂ ညနေပိုင်းအထိ ကြည့်ရှုသူ ၃၉,၀၀၀ ကျော်၊ like and react ပေးသူ ၄၂၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့ကြသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။
သတင်းအမှားလင့်ခ်များ
People Media – https://archive.ph/zzmVQ
Ko Chit MDY – https://archive.ph/D7GUp
Sit Min – https://archive.ph/JBXy8
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများ ကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ DVB သတင်းမီဒီယာက ဖော်ပြထားသော သတင်းဓာတ်ပုံအချို့နှင့်ထပ်တူညီနေသည်။
DVB သတင်းမီဒီယာတွင် အဆိုပါ ဓာတ်ပုံများကို “ လားရှိုးမှ MNDAA တပ်များ မဆုတ်ခွာရန် မြို့ခံအချို့ ဆန္ဒပြ” ဟု ရေးသားဖော်ပြထားသည်။ သတင်းလင့်ခ် – https://shorturl.at/dFRwE
ထပ်မံ အတည်ပြုနိုင်ရန် Google ၌ “လားရှိုးတွင် ဆန္ဒပြ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ BBC,DVB,The Irrawaddy သတင်းမီဒီယာများက ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “လားရှိုးတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို မတ် ၂၀ ရက်ညပိုင်းတွင် ပြုလုပ်ခဲ့ ကြောင်း၊ စာနှင့်ဓာတ်ပုံများကို မြို့၏ ထင်ရှားသည့်နေရာများတွင် ကပ်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြောင်း၊ ကြားဝင် စွက်ဖက်မှုများ ချက်ချင်းရပ်၊ တရုတ်အစိုးရ ဆန့်ကျင်ကြ၊ တိုင်းရင်းသား ညီနောင်တွေကိုဖိနှိပ်မှုရပ်” ဆိုသည့် စာသားများ ကပ်ခဲ့ကြောင်း၊ MNDAA အနေနဲ့ မြို့ကနေ ပြန်လည် မထွက်ခွာရန်မြို့ခံများ ကဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း၊တရုတ်အစိုးရ၏ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေမှုအပေါ် ရပ်တန့်ပေးရန် ဓာတ်ပုံစာသားများ နှင့် လိုက်လံဖြန့်ဝေခဲ့ကြကြောင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်များ
BBC – https://shorturl.at/ICWoP
DVB – https://shorturl.at/dFRwE
The Irrawaddy – https://shorturl.at/rhm8J
သုံးသပ်ချက်
တရုတ်ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် MNDAA တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လားရှိုးမြို့မှ MNDAA တပ်များ ဆုတ်ခွာပေးရမည်ဟု အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီတပ်နှင့်MNDAA တို့တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ မတ် ၂၂ ရက်တွင် ထပ်မံ ဆွေးနွေးမှု ပြုလုပ်သည့်အခါ MNDAA တပ်များ လားရှိုးမှ မဆုတ်ခွာရန် ဒေသခံမြို့ခံအချို့က တရုတ်ကိုဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော MNDAA ကတရုတ်ကိုဆန္ဒပြ ဟု ဖြန့်ဝေထားသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။