By Wadi / MPA
ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့နယ်ရှိ ပြည်သူပိုင်နေအိမ်များကို KNDF အဖွဲ့ မီးရှို့ဖျက်ဆီးဆိုသည့် သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ(စစ်သတင်းများ)” Youtube ချန်နယ်က မတ် ၁၇ ရက် နံနက် ၁၁ နာရီတွင် မိုးဗြဲမြို့ရှိ ပြည်သူပိုင် နေအိမ်များကို KNDF အဖွဲ့က မီးရှို့ဖျက်ဆီး ဆိုသည့် ခေါင်းစဉ်ဖြင့် ရုပ်သံဖိုင်တစ်ခုကို ဖြန့်ဝေခဲ့သည်။
အဆိုပါရုပ်သံဖိုင်ကို မတ်လ ၁၈ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂,၀၀၀ ကျော်၊ ကြိုက်နှစ်သက် သူ ၂၀၀ ကျော် ၊ မှတ်ချက်ပေးသူ ၂၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/0V2Ex
အဆိုပါရုပ်သံဖိုင်ကို “မှိုင်းဝေ၊ ကိုနှင်းမောင်” အပါအဝင် အခြား စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားလျက်ရှိသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
မှိုင်းဝေ – https://archive.ph/vTorT
ကိုနှင်းမောင် – https://archive.ph/hJlaa
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
လူမှုကွန်ယက်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “မိုးဗြဲမြို့နယ် မီးရှို့ခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “ People’s Spring , MPA , Public Voice Television” အပါအဝင် အခြားမီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ရှမ်း-ကရင်နီ ပြည်နယ် နယ်စပ်ရှိ မိုးဗြဲမြို့တွင် KNDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီက မီးလောင်ဗုံးများ ၊ ဓာတ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်သ ဖြင့် မိုးဗြဲမြို့ရှိ အရပ်သားနေအိမ် ၁၅ လုံးထက်မနည်း ပျက်ဆီးခဲ့ကြောင်း၊ ဖယ်ခုံမြို့ရှိ လူနေအိမ်များကို လည်း မီးရှို့ဖျက်ဆီးနေကြောင်း ရုပ်သံဖိုင်နှင့်အတူ မီးလောင်ပျက်စီးသွားသည့် လူနေအိမ် ဓာတ်ပုံများ နှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/OlRS
MPA – https://bitly.cx/ZjhN
Public Voice Television – https://bitly.cx/64wbj
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ၏ ဖေ့ဘွတ်ခ်တွင် ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်ကနေ ၁၅ ရက်အထိ မိုးဗြဲမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၁၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှ စ၍ ယနေ့အထိ စစ်ကောင်စီက မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရန် ထိုးစစ်များပြုလုပ် နေသောကြောင့် နေ့စဉ် ထိတွေ့တိုက်ပွဲများ ရှိနေ၍ ပြည်သူများအနေဖြင့် မိုးဗြဲမြို့အနီးဝန်းကျင်တလျှောက် သတိပြုသွားလာပါရန် တိုက်တွန်းကြောင်း မိုးဗြဲမြို့ရှိ နေအိမ်များ မီးလောင်နေသည့် ရုပ်သံဖိုင်နှင့်တကွ သတင်းထုတ်ပြန်ထားသည်။ ယင်းရုပ်သံဖိုင်သည် စစ်ကောင်စီဝါဒဖြန့်သူများ ဖြန့်ဝေထားသော ရုပ်သံဖိုင်နှင့် နေရာအခင်းအကျင်း တူညီမှု ရှိနေသည်။
ထုတ်ပြန်ချက် အပြည့်အစုံဖတ်ရန် >>> https://bitly.cx/XKV9
မီးလောင်ခဲ့ခြင်း ရှိ၊ မရှိ ထပ်မံအတည်ပြုနိုင်ရန် ကမ္ဘာပေါ်ရှိ မီးလောင်မှုဖြစ်စဉ်များကို ဖော်ပြပေးနေသော NASA ၏ Fire Information for Resource Management System တွင် မိုးဗြဲမြို့၏ တည်နေရာညွှန်း ကိန်းများကို ထည့်သွင်းရှာဖွေကြည့်ရာ မတ်လ ၁၄ ရက်နှင့် ၁၇ ရက်များတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည့် အနီရောင်အမှတ်အသား တွေ့ရှိရသည်။ ထို့ကြောင့် မီးလောင်မှုဖြစ်စဉ် မှန်ကန်ကြောင်း အတည်ပြုနိုင်သည်။
NASA ၏ FIRMS ကြည့်ရှုရန်လင့်ခ် >>> https://bitly.cx/gQbP
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မိုးဗြဲမြို့ရှိ အရပ်သားနေအိမ်များကို စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် တိုက်ခိုက် သောကြောင့် နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ရေးထားသည်။ KNDF များက မီးရှို့ ဖျက်ဆီးခြင်း ဖြစ်သည်ဟု ဖော်ပြထားခြင်း မတွေ့ရပေ။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် ယူကျု့နှင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ မိုးဗြဲမြို့ရှိ ပြည်သူ ပိုင်နေအိမ်များကို KNDF အဖွဲ့ မီးရှို့ဖျက်ဆီး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် မတ်လ ၁၈ ရက် မွန်းလွဲချိန်အထိ စစ်ဆေးတွေ့ရှိ ထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။