By Wadi / MPA
အိန္ဒိယနယ်စပ်ရှိ ကူကီး PDF စခန်းများကို အိန္ဒိယစစ်တပ်က ဗုံးကြဲရှင်းလင်းသည့်အတွက် ကူကီးများနှင့် အဓိကရုဏ်းဖြစ်လာ ဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Ko Thet” တယ်လီဂရမ်ချန်နယ်က မတ်လ ၉ ရက် ညနေ ၄ နာရီ ၃၃ မိနစ်တွင် အိန္ဒိယနယ်စပ်ရှိ ကူကီး PDF စခန်းများကို အိန္ဒိယ စစ်တပ်က ဗုံးကြဲရှင်းလင်းပြီး ကူကီးရပ်ကွက်များကိုလည်း စစ်ဆေးမှုများ ပြု လုပ်နေကြောင်း၊ စစ်ဆေးမှုတွင် လက်နက်များပါ မိသွားသောကြောင့် ကူကီးများက သံပုံးတီးခြင်း၊ သံချောင်းခေါက်ခြင်းနှင့် ကားမီးရှို့ခြင်းများပါ ပြုလုပ်လာသဖြင့် အဓိကရုဏ်းအသွင် ဖြစ်လာကြောင်း ၊ သူများနိုင်ငံထဲတွင် သွားနေပြီး ဖျက်လိုဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း အဓိကရုဏ်းဖြစ်ပွားနေသော ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို မတ်လ ၁၀ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၁,၀၀၀ ကျော်၊ Reaction ပေးသူ ၈၆၀ ကျော် ရှိနေသည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/I6C3e
အဆိုပါအကြောင်းအရာကို “Min Chit Oo, Snow Queen” အပါအဝင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Min Chit Oo – https://archive.ph/0Yl2E
Snow Queen – https://archive.ph/6sCHn
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ အိန္ဒိယနိုင်ငံ သတင်းမီဒီယာများ ဖြစ်သော “Ukhrul Times, Bhaskar English” အပါအဝင် အခြား အိန္ဒိယမီဒီယာများက သတင်းဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
အိန္ဒိယနိုင်ငံသတင်းမီဒီယာများတွင် အိန္ဒိယပြည်ထဲရေးဝန်ကြီး၏ မဏိပူရတွင် လွတ်လပ်စွာသွားလာ လှုပ်ရှားခွင့် ပြန်လည်ရရှိရေး အမိန့်ကို ကူကီးအုပ်စုများက ဆန့်ကျင်ရာကနေ အဓိကရုဏ်းဖြစ်ပွားခဲ့ ကြောင်း၊ မဏိပူရအမြန်လမ်းမကြီးပေါ်တွင် ဆန္ဒပြမှုများ၊ ကားမီးရှို့မှုများ ဖြစ်ပွားခဲ့ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို လူစုခွဲရန် မျက်ရည်ယိုဗုံးများ ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် အဓိကရုဏ်း အသွင်ဖြစ်သွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ လူ ၅၀ ထက် မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ၊ ကူကီးတို့၏ လူမျိုး စုစည်းလုံးရေးကော်မတီ (COTU ) က ကူကီလူမျိုးများအတွက် သီးသန့်အုပ်ချုပ်ခွင့်ရနယ်မြေ တောင်းဆို ထားပြီး၊ ထိုတောင်းဆိုချက် အကောင်အထည်မပေါ်ခင်အထိ မဏိပူရတွင် လွတ်လပ်စွာ သွား လာလှုပ်ရှား ခွင့် ပြန်လည်ရရှိမည်မဟုတ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Ukhrul Times – https://bitly.cx/z8Vor
Bhaskar English – https://bitly.cx/L7k6y
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ ကူကီးများ အိန္ဒိယပြည်ထဲရေးဝန်ကြီးအမိန့် ဖီဆန်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “CNI” မီဒီယာက သတင်းရေးသားထားသည်။
CNI တွင် မဏိပူရပြည်နယ်ရှိ ထင်ရှားသည့် ကူကီးအဖွဲ့အစည်းတစ်ဖွဲ့ က ပြည်နယ်အတွင်းရှိ လမ်းမများ ပေါ်တွင် မတ်လ ၈ ရက် က စပြီး ပြည်သူများ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သည့် အိန္ဒိယပြည်ထဲရေး ဝန်ကြီး၏ အမိန့်ညွှန်ကြားချက်ကို ငြင်းပယ်ခဲ့ကြောင်း၊ ကသည်းလူမျိုးများ ပါဝင်နေသည့် ပဋိပက္ခကို အဆုံး သတ်ရန်အတွက် ကူကီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတောင်းဆိုမှုနှင့် ပတ်သက်ပြီး အလျှော့ပေးခြင်း ပြု လုပ်မည်မဟုတ်ကြောင်း ကူကီးတို့၏ လူမျိုးစုစည်းလုံးညီညွတ်ရေးကော်မတီ ( COTU ) က ထုတ်ပြန်ထား ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/tilaO
မဏိပူရတွင် ကူကီးနှင့် ကသည်း လူမျိုးကြား လူမျိုးရေး အဓိကရုဏ်းများမှာ ပြီးခဲ့သည့် နှစ်ကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူမျိုးရေးပဋိပက္ခများကြောင့် ကူကီးအဖွဲ့အစည်းများက သူတို့နေထိုင်ရာ နယ်မြေများကို အပြင်လူ ဝင်ခွင့်မပေးဘဲ ပိတ်ပင်ပေးဖို့ တောင်းဆိုထားသည်။
အဆိုပါ လူမျိုးရေး အဓိကရုဏ်းများနှင့် ပတ်သက်ပြီး အိန္ဒိယပြည်ထဲရေးဝန်ကြီးက မြန်မာနိုင်ငံတွင်း နယ် မြေမတည်ငြိမ်မှုကြောင့် ဒုက္ခသည် ထောင်ပေါင်းများစွာ နယ်စပ်ဖြတ်ကျော်ပြီး မဏိပူရသို့ ဝင်ရောက်လာ ခြင်းကြောင့်ဟု ပြစ်တင်ပြောဆိုထားသည်။
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မဏိပူရပြည်နယ်အတွင်း မည်သူမဆို လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ခွင့်ဆို သည့် အိန္ဒိယပြည်ထဲရေးဝန်ကြီး၏ အမိန့်ကို ကူကီးလူမျိုးများက ဖိဆန်ရာကနေ မဏိပူရတွင် ကူကီး လူမျိုးများနှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များကြား အဓိကရုဏ်းဖြစ်ပွားနေကြောင်း ရေးသားထားသည်။
အိန္ဒိယနယ်စပ်ရှိ ကူးကီး PDF စခန်းများကို အိန္ဒိယစစ်တပ်က ဗုံးကြဲရှင်းလင်းခဲ့သောကြောင့် အဓိကရုဏ်း ဖြစ်ပွားဟု ဖော်ပြထားခြင်း မတွေ့ရပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ အိန္ဒိယနယ်စပ်ရှိ ကူကီး PDF စခန်းများကို အိန္ဒိယစစ်တပ်က ဗုံးကြဲရှင်းလင်းသောကြောင်း ကူကီးများနှင့် အဓိကရုဏ်းဖြစ်ပွား” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် မတ်လ ၁၀ ရက် မွန်းလွဲပိုင်းအထိ စစ်ဆေးတွေ့ရှိ ထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။