By Wadi/ MPA
ဖယ်ခုံမြို့နယ် ဈေးအရှေ့ရပ်ကွက် ရှမ်းပိဋကတ်တိုက်ကျောင်းက ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယတစ်ဦး ကို PDF များ သတ်ဖြတ်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်သူများက လူမျိုးရေး၊ ဘာသာရေး သွေးကွဲမှုဖြစ်စေရန် သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
စစ်ကောင်စီဝါဒဖြန့် “ရွှေနေကြာ” တယ်လီဂရမ်ချန်နယ်က မတ်လ ၅ ရက်၊ နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဖယ်ခုံမြို့နယ်၊ အင်းအရှေ့ဘက်ကမ်း၊ အုံတိုင်းကျေးရွာတွင် ခေတ္တသတင်းသုံးနေသည့် ဖယ်ခုံမြို့ ရှမ်း ပိဋကတ်တိုက်က ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဓမသာရနှင့် ဒကာဖြစ်သူ စိုင်းခင်မောင်လတ် (ခ) အိုက်ပီး တို့ ကို PDF များက လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ဆရာတော်သည် ရှမ်းလူမျိုးဖြစ်ပြီး NLD ပါတီ အမာခံ တစ်ဦးဖြစ်ကြောင်း၊ စစ်ရှောင်များကိုလည်း ကူညီနေသူ ဖြစ်ကြောင်း၊ ဖယ်ခုံဒေသခံများကို မြို့တွင်းသို့ ပြန်လည်နေထိုင်ရန် စည်းရုံးနေသည်ဟု ဆိုကာ ငွေကြေးချမ်းသာသူများက ဖယ်ခုံ PDF များကို ငွေပေး ပြီး လုပ်ကြံသတ်ဖြတ်ခိုင်းခြင်းဖြစ်ကြောင်း ဆရာတော်၏ ဓာတ်ပုံနှင့်တကွ ရေးသားဖြန့်ဝေထားသည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/Jxzu6
အဆိုပါအကြောင်းအရာကို “Ko Thet, MDY image, Min Din” အပါအဝင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားလျက်ရှိသည်။
သတင်းအမှားလင့်ခ်များ >>>
Ko Thet – https://archive.ph/2eaCj
MDY image – https://archive.ph/xbvJG
Min Din – https://archive.ph/NQkrG
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “Mizzima” နှင့် “သျှမ်းသံတော်ဆင့်” မီဒီယာများက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
မီဒီယာများတွင် မတ်လ ၄ ရက် ညနေ ၄ နာရီခန့်တွင် ဖယ်ခုံမြို့ ရှမ်းကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဓမ္မသရ နှင့် ကပ္ပိယဖြစ်သူ ကိုစိုင်းဘီး တို့သည် ပြင်ပမှ ကားဖြင့် ပြန်လာစဉ် အမျိုးသားအချို့က ဆိုင် ကယ်ဖြင့် လိုက်လာပြီး ကျောင်းပေါ်အထိ တက်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ပစ်ခတ်သူများမှာ ဆရာ တော်၏ဖုန်း၊ ဘဏ်စာအုပ် နှင့် ငွေသားအချို့ကိုလည်း ယူဆောင်သွားကြောင်း၊ ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ ကျူးလွန်ခြင်းမဟုတ်ကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားကြောင်း ၊ ဘာသာရေး၊ လူမျိုးရေး သွေးခွဲမှု ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို ဒေသခံ အသံများနှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Mizzima – https://bitly.cx/a50SI
သျှမ်းသံတော်ဆင့် – https://bitly.cx/8C43A
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ဖယ်ခုံမြို့ ရှမ်းကျောင်းဆရာတော် ပစ်ခတ်ခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “ DVB, မောင်း” နှင့် အခြား မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် မတ်လ ၄ ရက်က ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲတွင် ပရဟိတ ဆောင်ရွက် သူ ဖယ်ခုံရှမ်းကျောင်း ကျောင်းထိုင်ဆရာတော်နှင့် ဒကာတစ်ဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ဝင် ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဆရာတော်နှင့် ဒကာဖြစ်သူမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ပစ် ခတ်မှုကို မိမိတို့အဖွဲ့အစည်းက လုပ်ဆောင်ခြင်းမဟုတ်ကြောင်းကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
DVB – https://bitly.cx/wRyN
မောင်း – https://bitly.cx/Ods4J
ဖယ်ခုံဒေသခံ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ (၁၀၀၆ တပ်ရင်း ) ကလည်း ဆရာတော် ပစ်ခတ်ခံရမှု ဖြစ်စဉ်သည် မိမိတို့ တပ်ရင်းနှင့် လုံးဝ မသက်ဆိုင်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးကိုလည်း လိုအပ်သလို ပူးပေါင်းသွား မည်ဖြစ်ကြောင်း၊ လူထုနှင့် တပ်ရင်းကြား သွေးခွဲလုပ်ဆောင်သည့် မည်သို့သော အကြောင်းအရင်းများ ကိုမဆို လက်သင့်ခံမည် မဟုတ်ကြောင်း မတ်လ ၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက် အပြည့်အစုံဖတ်ရန် >>> https://bitly.cx/xmx22
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ဖယ်ခုံမြို့ ရှမ်းကျောင်းဆရာတော် နှင့် ဒကာတစ်ဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ပစ်ခတ်သွားကြောင်း ရေးသားထားသည်။
ပစ်ခတ်မှုမှာ ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် ပတ်သက်မှု မရှိကြောင်း ဒေသခံ တော်လှန်ရေးအဖွဲ့များ ကလည်း သတင်းထုတ်ပြန်ပြောကြားထားသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ဖယ်ခုံ PDF များကို ထောက်ပံ့ပေးနေသည့် ဆရာတော်ကို ဖယ်ခုံ PDF များက ပစ်ခတ်သတ်ဖြတ်” ဆိုသည့် အကြောင်းအရာသည် လူမျိုးရေး ၊ ဘာသာရေး သွေးကွဲမှုဖြစ်အောင် လှုံ့ဆော်ထားသော သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် မတ်လ ၇ ရက် ညနေပိုင်းအချိန်အထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်ပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်သည်။