By Haythar/MPA
ရှမ်း၊ ကရင်နီနယ်စပ် ဖယ်ခုံမြို့ပေါ်ရှိ နေအိမ်တွင်းပစ္စည်းများကို စစ်ကောင်စီတပ်က ခိုးယူပြီး နေအိမ်များကို မီးရှို့ပြီးနောက် PDF များက ခိုးယူပြီးနေအိမ်များကိုမီးရှို့ဖျက်ဆီးသည်ဟု စစ်ကောင်စီတပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
Justice Seeker Group -JSG တယ်လီဂရမ်ချန်နယ် က ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းတွင် မီးခိုးများထွက် နေသည့်ပုံ နှင့် နေအိမ်တွင်းရှာဖွေခံထားရသောပုံကို အသုံးပြုပြီး ဖယ်ခုံမြို့နယ်ရှိ ဒေသခံများ၏ နေအိမ်များကို PDF များက ဖောက်ထွင်းခိုးယူသွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေးသားဖြန့်ဝေထားသည်။
အဆိုပါ သတင်းရေးသားဖြန့်ဝေမှုကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၄၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြထားကြသဖြင့် ပျံ့နှံ့မှုနှုန်းများပြားနေသည်။
သတင်းအမှားလင့်ခ်များ
Justice Seeker Group -JSG – https://archive.ph/O1Ynm
Ka Ka Han – https://archive.ph/Bi7XC
ရွှေဘ – https://archive.ph/x0TEO
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသည့် သတင်းဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့် ရာ Shan News သတင်းမီဒီယာက အသုံးပြုထားသောဓာတ်ပုံနှင့်ထပ်တူညီနေသည်။
Shan News သတင်းမီဒီယာတွင် ဖယ်ခုံမြို့ စစ်ကောင်စီမှ ပြည်သူနေအိမ်များကိုမီးရှို့ဖျက်ဆီးပြီး ပစ္စည်းများကို ခိုးယူ ဟုရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ် – https://shorturl.at/SaNWr
ထပ်မံ၍သတင်းအကြောင်းအရာကို အတည်ပြုနိုင်ရန် Google တွင် “ ဖယ်ခုံမြို့ကို စစ်ကောင်စီမီးရှို့” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ Shan News သတင်းမီဒီယာနှင့် BNI သတင်းမီဒီယာတို့က သတင်းရေးသား ဖော် ပြထားကြသည်။
သတင်းမီဒီယာများတွင် “ ဖယ်ခုံမြို့ပေါ်ရှိစစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၀ ရက်မှစတင်ပြီး ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး နေအိမ်များရှိပစ္စည်းများကိုဝင်ရောက်ခိုးယူနေကြောင်း” ရေးသားဖော်ပြထား ကြသည်။
သတင်းမီဒီယာလင့်ခ်များ
Shan News – https://shorturl.at/SaNWr
BNI- https://shorturl.at/7STAW
သုံးသပ်ချက်
ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်နေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဒေသခံများထွက်ပြေးတိမ်းရှောင်နေရချိန်တွင် မြို့ပေါ်ကျန်ခဲ့သည့် စစ်ကောင်စီတပ်က ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးပြီး နေအိမ်များရှိ ပစ္စည်းများကိုဝင်ရောက်ခိုးယူနေခြင်းဖြစ်သည်။
ထို့အပြင် ဖယ်ခုံမြို့တွင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်က အကြောင်းမဲ့မီးရှို့နေကြောင်းကို ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကလည်း ရေးသားဖော်ပြထားသည်။
မူရင်းသတင်းလင့်ခ် – https://shorturl.at/qxBgl
ထို့ကြောင့် ဖယ်ခုံမြို့နယ်ရှိ ဒေသခံများ၏ နေအိမ်များကို PDF များက ဖောက်ထွင်းခိုးယူသွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။