By Haythar/MPA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်လေးဦးကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၉ တပ်ရင်းက ဖမ်းဆီးခံရမှုအား PDF လေးဦးကို အရှင်ဖမ်းဆီးရမိဟု တယ်လီဂရမ်ချန်နယ်များတွင် သတင်းအမှား ပျံ့နှံ့လျက်ရှိသည်။
စစ်ကောင်စီဝါဒဖြန့် “ဘညွန့်” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းတွင် လက်နောက်ပြန်၊ ဒူး ထောက်ထားသော ယူနီဖောင်းဝတ်အမျိုးသားလေးဦး နှင့် လက်နက်များပါသည့် ဓာတ်ပုံအသုံးပြုပြီး “ ရွှေဘို ဒေသတွင် NUG လက်အောက်ခံ PDF စစ်ကြောင်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ရာ PDF ၃၀ခန့် သေဆုံး ပြီး ၄ ဦးကို သေနတ် ၅ လက်နှင့်အတူအရှင်ဖမ်းဆီးရမိခဲ့သည်” ဟု ရေးသားဖြန့်ဝေထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၂၃,၀၀၀ ကျော်၊ like and react ပေးသူ ၃၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့ကြသည်။
သတင်းအမှားလင့်ခ်များ
ဘညွန့် – https://archive.ph/1u3vD
Snow Queen – https://archive.ph/HXrTI
Ye Yint Htet – https://archive.ph/T0pGX
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ပျံ့နှံ့နေသည့် သတင်းဓာတ်ပုံကို Google Reverse Image Search အသုံးပြု၍ ရှာဖွေကြည့်ရာ RFA သတင်း မီဒီယာတွင် အသုံးပြုထားသော ဓာတ်ပုံနှင့်ထပ်တူညီနေသည်။
RFA သတင်းမီဒီယာတွင် ၂၀၂၅ ဖေဖော်ဝါရီ ၁၇ ရက်တွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ တပ်ရင်းက စစ်ကောင်စီတပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် ( PNO) လေးဦးနှင့် လက်နက်များကို ဖမ်းဆီးရမိ သော ဓာတ်ပုံထုတ်ပြန်ထားစဥ် ဟု ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ် – https://shorturl.at/v8pKF
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ ပအိုဝ်းပြည်သူ့စစ်လေးဦးကိုဖမ်းဆီးရမိ” ဆိုသည့် စာသားဖြင့်ရှာဖွေ ကြည့်ရာ RFA, People’s Spring, Mekong News သတင်းမီဒီယာများက ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေပူကျေးရွာအနီးကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် ( PNO) လေးဦးနှင့်လက်နက်များကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ တပ်ရင်းက ဖမ်းဆီးရမိခဲ့သည်” ဟုရေးသားဖော်ပြထား သည်။
သတင်းမီဒီယာလင့်ခ်များ
RFA – https://shorturl.at/v8pKF
People’s Spring – https://shorturl.at/8z1Ka
Mekong News – https://shorturl.at/hQhDE
သုံးသပ်ချက်
ရွှေဘိုဒေသတွင် PDF လေးဦးကို အရှင်ဖမ်းဆီးရမိဆိုသော သတင်းအကြောင်းအရာနှင့်အတူ အသုံးပြုထား သော ဓာတ်ပုံသည် အင်းလေးဒေသတွင် စစ်ကောင်စီတပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် ( PNO) လေးဦးကို ဖမ်းဆီးရမိထားသောဓာတ်ပုံဖြစ်သည်။ မူရင်းဓာတ်ပုံညာဘက်ထောင့်တွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ တပ်ရင်း၏ အမှတ်တံဆိပ်ပါရှိသည်။
သို့သော် တယ်လီဂရမ်ချန်နယ်တွင် အသုံးပြုထားသည့်ဓာတ်ပုံတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ တပ်ရင်း၏ အမှတ်တံဆိပ်ပါရှိသည့် နေရာကို ဖြတ်တောက်ထားပြီး စစ်ကောင်စီတပ်အမှတ်တံဆိပ်ကို အသုံးပြုထားသည်။
ထို့ကြောင့် ရွှေဘိုဒေသတွင် NUG လက်အောက်ခံ PDF လေးဦးကို အရှင်ဖမ်းဆီးရမိပြီး သေနတ် ၅ လက် သိမ်း ဆည်းရမိသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။