By Wadi/ MPA
စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဘေးရှိ PDF စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ PDF တပ်ဖွဲ့ဝင် အားလုံးနီးပါး မီးလောင်သေဆုံးဟုဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Truth Media” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၃ နာရီ ၃၈ မိနစ်တွင် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဘေးရှိ နတ်ကြီးရွာနှင့် မုဌောရွာကြားက PDF စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများကို နှစ်ကြိမ်ခန့် ကြဲချခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် ဆီပေပါများ၊ လက်နက်ခဲယမ်းများမီးလောင်ပျက်စီးခဲ့ပြီး PDF တပ်ဖွဲ့ဝင်များအား မီးလောင်သေဆုံးခဲ့ကြောင်းကို မြစ်ကမ်းဘေး မီးလောင်ကျွမ်းနေသော နေရာကို ရိုက်ကူး ထားသည့် ဓာတ်ပုံနှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၄၇,၀၀၀ ကျော်၊ Reaction ပေးသူ ၁၇၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/fYl8D
အဆိုပါအကြောင်းအရာကို “Ko Nyein Maung, Min Din” တယ်လီဂရမ်ချန်နယ်များကပါ ဖြန့်ဝေခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Ko Nyein Maung – https://archive.ph/IF8DS
Min Din – https://archive.ph/lQiI9
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ ဆိုရှယ်မီဒီယာ X ၌ Myanmar Now သတင်းဌာနက ဖော်ပြထားသော သတင်းဓာတ်ပုံနှင့် ထပ်တူ ညီနေသည်။
Myanmar Now သတင်းဌာနက ဖော်ပြထားသော သတင်းဓာတ်ပုံလင့်ခ် – https://bitly.cx/NkF9
ထပ်မံ အတည်ပြုနိုင်ရန် Google တွင် “ကနီမြို့ လေကြောင်းတိုက်ခိုက်မှု” ဆိုသည့် စာသားဖြင့် ရှာဖွေရာ “Myanmar Now, Mizzima, VOA” အပါအဝင် အခြား သတင်းမီဒီယာများက သတင်းရေးသားထားသည်။
သတင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၁၇ ရက်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် မုဌောအရှေ့ ရွာအနီးရှိ ကူးတို့ဆိပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုကြောင့် ခရီးသွားသံဃာတစ်ပါးနှင့် ဆိပ်ကမ်းလုပ်သား အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး လူသေဆုံးမှု မရှိကြောင်း၊ ကူးတို့ဆိပ်ရှိ လောင်ဆာဆီပေပါ များတင်ဆောင် ထားသည့် ပုဂ္ဂလိကပိုင် ဆီသယ်ယာဉ် ခြောက်ဘီးကားနှစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဆီသယ်ယာဉ်များ မှာ ဒေသတွင်း အသုံးပြုရန် သယ်ဆောင်လာသည့် ကားများဖြစ်ကြောင်း၊ တိုက်ခိုက်မှုအနီးရှိ ဆိုင်ကယ် အချို့လည်း ပျက်စီးခဲ့ကြောင်း၊ တော်လှန်ရေးဒေသများကို စက်သုံးဆီဖြတ်တောက်ချင်တာကြောင့် ဆီကား များကို သီးသန့်လာပစ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအသံများနှင့်တကွ ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://bitly.cx/zvceI
Mizzima – https://bitly.cx/HEkZ
VOA – https://bitly.cx/cAktx
စစ်ကောင်စီသည် ကချင်၊ ရခိုင်နှင့် ရှမ်းမြောက်ဒေသများအပါအဝင် ၎င်းတို့ လက်လွှတ်လိုက်ရသည့် နယ် မြေများသို့ စက်သုံးဆီနှင့် စားနပ်ရိက္ခာများ မစီးဆင်းနိုင်ရန် ပြုလုပ်လျက်ရှိကြောင်း သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်များ အရ သိရသည်။
စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်များကလည်း စက်သုံးဆီရောင်းချသူများကို ဖမ်းဆီးရန် အွန်လိုင်း လှုံ့ဆော်မှုများ ပြုလုပ်နေသည်။
ယခုနှစ် ဇန်နဝါရီ ၂ ရက်တွင် စစ်ကိုင်းမြို့ရှိ သမာရိုးကျစက်သုံးဆီ ရောင်းချသူများကို တော်လှန်ရေး အင်အားစုနယ်မြေများသို့ ရောင်းသည်ဟု အကြောင်းပြကာ လူ ၁၇ ဦးကို ဖမ်းဆီးခဲ့ပြီး ဆီသယ်ယာဉ် ၂၂ စီး နှင့် စက်သုံးဆီမျိုးစုံ ဂါလန် ၆၀,၀၀၀ တို့ကို သိမ်းဆည်းခဲ့သည်။
စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် စစ်ကိုင်း၊ ကချင် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စက်သုံး ဆီ၊ ဆေးဝါးနှင့် မရှိမဖြစ်စားသောက်ကုန်များ ရှားပါးပြီး ဈေးနှုန်းများလည်း မြင့်တက်လျက်သည်။
သတင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၁၇ ရက်က ကနီမြို့နယ် မုဌောကျေးရွာအနီးရှိ ကူးတို့ဆိပ်ကို စစ် ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားသံဃာတစ်ပါးနှင့် ဆိပ်ကမ်းလုပ်သားတစ်ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိပ်ကမ်းရှိ စက်သုံးဆီတင်ဆောင်ထားသော ပုဂ္ဂိလကပိုင် ယာဉ်နှစ်စီး မီးလောင်ပျက် စီးခဲ့ကြောင်း ရေးသားထားသည်။
လူသေဆုံးမှုရှိကြောင်းနှင့် ဗုံးကြဲခံရသည့်နေရာမှာ PDF စခန်းဖြစ်သည်ဟု ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ ကနီမြို့နယ် ချင်းတွင်းမြစ် ဘေးရှိ PDF စခန်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သိုလှောင်ထားသော စက်သုံးဆီများ မီးလောင် ပျက်စီး ပြီး PDF အားလုံးနီးပါး သေဆုံး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။
စာတည်း – Wazza
#MPA #FactCheck #Mis_Disinformation #AirStrike #ကနီ #လောင်စာဆီဖြတ်တောက်မှု
#Wadi