By Wadi/ MPA
မလေးရှားနိုင်ငံရောက် မြန်မာလုပ်သား ရှစ်ဦးကို NUG ထောက်ခံသူများက တော်လှန်ရေး အလှူငွေ မထည့်သဖြင့် ပြန်ပေးဆွဲခဲ့ဟုဆိုသော သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီ ၂၇ မိနစ်တွင် မလေးရှားနိုင်ငံ၌ အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသား ရှစ်ဦးကို NUG ထောက်ခံသူများက တော်လှန်ရေး အလှူငွေ မထည့်သည့် အတွက်ဟု ဆိုကာ ပြန်ပေးဆွဲခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တုန်းကလည်း အလှူငွေ မထည့်ကြသည့် မလေးရှားအာဏာပိုင်များထံ သတင်းပေးတိုင်တန်းမှုကြောင့် မြန်မာလုပ်သား ၂၀၀ ကျော် အဖမ်းခံခဲ့ရ ကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို ဖေဖော်ဝါရီ ၁၀ ရက် ညဦးပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၆,၀၀၀ ကျော်၊ Reaction ပေးသူ ၆၅၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/8zBJ3
အဆိုပါအကြောင်းအရာကို “ ကပ္ပတိန်မှိုင်းဝေ၊ Min Din” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားလျက်ရှိသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
ကပ္ပတိန်မှိုင်းဝေ – https://archive.ph/ZIAGp
Min Din – https://archive.ph/Jtdni
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
စစ်တပ်ထောက်ခံသောတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ မလေးရှားတွင် မြန်မာ ၈ ဦး ပြန်ပေးဆွဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “BBC၊ နိရဉ္ဇရာ၊ Western News” တို့က သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဇန်နဝါရီ ၃၁ ရက်က မလေးရှားနိုင်ငံတွင် အမျိုးသမီးနှစ်ဦးအပါအဝင် မြန်မာရှစ်ဦး ပြန်ပေးဆွဲခံခဲ့ရကြောင်း၊ ပြန်ပေးဆွဲခံရသူများမှာ ရခိုင်လူမျိုး ခုနှစ်ဦးနှင့် ချင်းလူမျိုး တစ်ဦး ဖြစ်ကြောင်း၊ အမျိုးသားများမှာ အသက် ၂၅ မှ ၅၀ ကြား ဖြစ်ပြီး အမျိုးသမီးများမှာ အသက် ၃၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ၊ ချားလမ်းမြို့တွင် တစ်ရက်လျှင် မလေးရှားငွေ ၉၀ ရမည်ဟုဆိုကာ ပွဲစားက လိမ်လည်ခေါ် ယူပြီး ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အခန်းကျဉ်းတစ်ခုထဲတွင် ပိတ်လှောင်ထားပြီး တစ်ဦးကို မလေးရှား ငွေ ( ၁၀၀,၀၀၀ ) ပေးရမည်ဟုဆိုကာ မိသားစုဝင်များကို ခြိမ်းခြောက်ပြီး ငွေ တောင်းခဲ့ကြောင်း၊ မိသား စုဝင်တစ်ဦးက အကူအညီတောင်းခံမှုကြောင့် ရခိုင်ဒုက္ခသည်များဆိုင်ရာ ဗဟိုကော်မတီရုံး(CARC) နှင့် မလေးရှားရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ပြန်ပေးဆွဲသူများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ပြန်ပေးဆွဲသူများတွင် မြန်မာ နှင့် မလေးရှားနိုင်ငံသားများ ပါဝင်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
BBC – https://bitly.cx/w5Wy
နိရဉ္ဇရာ – https://bitly.cx/bovf1
Western News – https://bitly.cx/hFta
ရခိုင်ဒုက္ခသည်များဆိုင်ရာ ဗဟိုကော်မတီရုံး(CARC) ၏ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာတွင်လည်း ဇန်န ဝါရီ ၃၁ ရက်က အလုပ်လက်မဲ့ဖြစ်နေသော ရခိုင်လူမျိုးအချို့ကို မလေးရှားတွင် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ပြီး ပြန်ပေးဆွဲသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ ပြန်ပေးဆွဲခံရသူများမှာ ရခိုင်လူမျိုး ခုနှစ်ဦးနှင့် ချင်းလူမျိုး တစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့ကို တိုက်ခန်းတစ်ခုတွင် ပိတ်လှောင်ထားပြီး မိသားစုဝင် များဆီ facebook ကတစ်ဆင့် ပြန်ပေးငွေ တောင်းခိုင်းခဲ့ကြောင်း၊ လူတစ်ဦးလျှင် မလေးရှားငွေ ၁၀၀,၀၀၀ ပေးရမည်ဖြစ်ကြောင်း၊ အချိန်မီ မပို့လျှင် ဖမ်းထားသူများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း၊ မိသား စုဝင်ထဲမှ တစ်ဦးက CARC ထံ တိုင်ကြားလာသဖြင့် ဖေဖော်ဝါရီ ၂ ရက်တွင် မလေးရှား တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ပြန်ပေးဆွဲသူများကို ဖမ်းဆီးပြီး ပြန်ပေးဆွဲခံရသူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အဖမ်းခံထားရသူများမှာ ရိုက်နှက်ခံထားရသဖြင့် ဆေးကုသမှုခံယူနေကြောင်း ထုတ်ပြန်ချက် ရေးသား ထားသည်။
ထုတ်ပြန်ချက် အပြည့်အစုံဖတ်ရန် >>> https://bitly.cx/uQPM
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မလေးရှားနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ ရခိုင်လူမျိုး ခုနှစ်ဦးနှင့် ချင်းလူမျိုး တစ်ဦး တို့ကို လိမ်လည်ခေါ်ဆောင်ပြီး ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ရခိုင်ဒုက္ခသည်များဆိုင်ရာ ဗဟို ကော်မတီရုံး(CARC) နှင့် မလေးရှားရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြန်ပေးဆွဲသူများကို ဖမ်းဆီးပြီး အဖမ်းခံ ထားရသူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း ရေးသားထားသည်။
မြန်မာနိုင်ငံသား ရှစ်ဦး မလေးရှားတွင် ပြန်ပေးဆွဲခံရသည့်ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ပြန်ပေးဆွဲခံရ ခြင်းမှာ မလေးရှားတွင် အလုပ်ရမည်ဟု ဆိုကာ လိမ်လည်ခေါ်ယူပြီး ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သတင်း ဖော်ပြမှုများအရ သိရသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ တော်လှန်ရေးအလှူငွေ မထည့်သည့်အတွက် မလေးရှားရောက် မြန်မာလုပ်သား ရှစ်ဦးကို NUG ထောက်ခံသူများက ပြန်ပေးဆွဲ” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။