By Wadi / MPA
မကွေးတိုင်း စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ရွာသူရွာသားများကို PDF များက ဖမ်းဆီးပြီး ထွက်ပြေးလျှင် သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်နေဟုဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၂၂ ရက် နံနက် ၈ နာရီ ၃၄ မိနစ်တွင် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် PDF များဒုက္ခပေးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများကို PDF များက ဖမ်းဆီးပြီး ထပ်မံ ထွက်ပြေးပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်နေကြောင်း၊ ပြည်သူများမှာ PDF များကို အလိုမရှိတော့ကြောင်း အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များ တွေ့ဆုံနေသည့် ဓာတ်ပုံများနှင့် တကွ ရေးသားဖြန့်ဝေထားသည်။
မှိုင်းဝေချန်နယ်၏ ရေးသားဖြန့်ဝေမှုကို ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၄၁,၀၀၀ ကျော်၊ Reaction ပေးသူ ၅၆၀ ကျော် ရှိနေသည်။
သတင်းအမှားလင့်ခ် >>> https://archive.ph/Nqdfe
အဆိုပါအကြောင်းအရာကို “MDY image, KO CHIT (MDY)” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
MDY image – https://archive.ph/UUKut
KO CHIT (MDY) – https://archive.ph/EVZeL
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “မြေလတ်အသံ” သတင်းမီဒီယာက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
မြေလတ်အသံတွင် ဇန်နဝါရီ ၂၁ ရက်က မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ သစ်ခေါက်တောင် ကင်းစခန်းအနီးတွင် ပိတ်မိနေသော ဒေသခံ ၁၀၀ ကျော်ကို ဒေါင်းညီနောင်မြို့ပြ ပြောက်ကျားအဖွဲ့က ခေါ် ထုတ်နိုင်ခဲ့ကြောင်း၊ ပိတ်မိနေသူ ပြည်သူများမှာ စလင်းမြို့နယ်၊ ပိတ်ဆည်ကျေးရွာက စစ်ဘေးတိမ်းရှောင် လာကြသူများ ဖြစ်ကြောင်း၊ ပိတ်ဆည်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးပြီး ရွာမီးရှို့ ခဲ့သဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ကတည်းက ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း၊ စားနပ် ရိက္ခာနှင့် နေထိုင်ရေးအခက်အခဲများ ရှိလာသောကြောင့် ခေါ်ယူစောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/jjK7
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ပိတ်ဆည်ကျေးရွာသားများ ဒေါင်းညီနောင်အဖွဲ့ ကယ်တင်” ဆို သည့် စာသားဖြင့် ရှာဖွေကြည့်ရာ “The Nation Voice, Mizzima” သတင်းမီဒီယာများက သတင်းရေး ထားသည်။
သတင်းမီဒီယာများတွင် မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ဘေးနှင့်မီးဘေးကြောင့် တိမ်းရှောင်လာရသူ ရွာခံပြည်သူများကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက စောင့်ရှောက် ထားကြောင်း၊ စစ်ရှောင်ပြည်သူများမှာ ပိတ်ဆည်ကျေးရွာသားများဖြစ်ကြောင်း၊ လူဦးရေ ၁၀၀ ကျော်ဝန်း ကျင် ရှိကြောင်း၊ ပိတ်ဆည်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လက စစ်ကောင်စီစစ်ကြောင်းထိုးပြီး မီး နှစ်ကြိမ် ရှို့ခဲ့ခြင်းကြောင်း ထွက်ပြေးတိမ်းရှောင်နေရသူများဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ပေးထားသည့် ရွာသားများအတွက် အထောက်အပံ့အကူအညီများ လိုအပ်နေကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
The Nation Voice – https://bitly.cx/WssFF
Mizzima – https://bitly.cx/n2fS
ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့သည် ၂၀၂၄ ခုနှစ် ဇွန်လတွင် စလင်းမြို့နယ်ထဲသို့ စတင်ဝင်ရောက် ခဲ့ပြီး စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။ စစ်ရေးအရှိန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်သည့်အတွက် သစ်ခေါက်တောင်ကင်းစခန်းနှင့် ကံပြားရဲစခန်းကြားရှိ ပုသိမ်-မုံရွာ ကားလမ်းပိုင်းကို မလိုအပ်ဘဲ အသွား အလာမပြုလုပ်ရန် သတိပေးချက် ထုတ်ပြန်ထားသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။