By Haythar / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် TNLA ခေါင်းဆောင် အပါအဝင် ၄၀ ကျော် သေဆုံးဟု တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။
Subscriber ၆၅,၀၀၀ ကျော်ရှိသည့် “တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၈ ရက် မွန်း လွဲပိုင်းတွင် “ နောင်ချိုမြို့ရှိ TNLA ခိုအောင်းရာနေရာကို စစ်ကောင်စီတပ်ကလေကြောင်းသုံးဗုံးကြဲရာ TNLA ခေါင်းဆောင် တာအိုက်လျံအပါအဝင် ၄၀ ကျော်သေဆုံး” ဟုအဆောက်အဦးပျက်စီးနေသည့် ဓာတ်ပုံ အသုံးပြု ပြီး ရေးသားဖြန့်ဝေထားခြင်းဖြစ်သည်။
အဆိုပါဖြန့်ဝေမှုကို အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းအထိ ကြည့်ရှုသူ ၄၂,၀၀၀ ကျော်၊ Like and react ပေးသူ ၅၄၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြခဲ့ကြသည်။
သတင်းအမှားလင့်ခ်များ
တိုက်ပွဲသတင်းစုံ – https://archive.ph/JVEmE
Ko thet – https://archive.ph/5u23L
Snow Queen – https://archive.ph/qgYSl
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော် ထုတ်နိုင်သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ Shwe Phee Myay သတင်းမီဒီယာ၌ ဖော်ပြထားသည့် ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
သတင်းမီဒီယာလင့်ခ်- https://shorturl.at/JbrnP
Google တွင် “ နောင်ချိုမြို့ကိုစစ်တပ်ကဗုံးကြဲဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ RFAနှင့် The Irrawaddy, သတင်းမီဒီယာတို့၌ ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် နောင်ချိုမြို့ကို စစ်ကောင်စီတပ်ကအောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့် ည တွင် နောင်ချိုမြို့ရဲစခန်း၊ နောင်ချိုမြို့အထွက် စစ်ဆေးရေးဂိတ်၊ သဖန်းကိုင်းရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနေအိမ်ဆယ်လုံးကျော်ထိခိုက်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
RFA – https://bitly.cx/ksZGF
The Irrawaddy – https://bitly.cx/5P7EAs
နောင်ချိုမြို့ကို စစ်ကောင်စီတပ်ဗုံးကြဲမှုကြောင့် ပြည်သူလေးဦးထိခိုက်ဒဏ်ရာခဲ့ပြီး ဒဏ်ရာရသူများကို ဆေးဝါး ကုသမှုပေးထားကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။
မူရင်းထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/E1M9Y
သုံးသပ်ချက်
နောင်ချိုမြို့ ရဲစခန်း၊ နောင်ချိုမြို့အထွက် စစ်ဆေးရေးဂိတ်၊ သဖန်းကိုင်းရွာအနီးကို စစ်ကောင်စီတပ်က အောက် တိုဘာ ၁၇ ရက်နေ့ ညပိုင်း၌ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူလေးဦးထိခိုက် ဒဏ်ရာရခဲ့ ပြီး လူနေအိမ် ၁၀ လုံးထိခိုက်ပျက်ဆီးခဲ့သည်။
ထို့ကြောင့် နောင်ချိုကိုစစ်ကောင်စီတပ်က လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်ရာ TNLA ခေါင်းဆောင်အပါအဝင် ၄၀ ကျော်သေဆုံးဆိုသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများသည် အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းအထိ ရရှိထားသော အချက်အလက်များပေါ် မူတည်၍ စစ်ဆေးထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။