By Wadi / MPA
စစ်ကောင်စီတပ်က ရှမ်းပြည်နယ် လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွင်း MNDAA တပ်မမှူးနှစ်ဦး သေဆုံးခဲ့ဟုဆို သည့် သတင်းအမှား စက်တင်ဘာ ၂၅ ရက် တွင် ယူကျူ့ နှင့် တယ်လီဂရမ်၌ ပျံ့နှံ့ခဲ့သည်။
Subscribers ၃၈,၀၀၀ ကျော် ရှိသည့် “PAN” youtube ချန်နယ်က စက်တင်ဘာ ၂၅ ရက် တွင် “ လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း MNDAA တပ်မှူးနှစ်ဦး သေဆုံးဟုဆို ၊ စက်တင်ဘာ ၂၄ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်အုပ်စုဝင် MNDAA တပ်မဟာ ၂၁၁ တပ်မှူး လီဇူမောင်နဲ့ အသစ်ဖွဲ့စည်းမယ့် တပ်မဟာ ၇၁၁ရဲ့ တပ်မှူးလည်း သေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်တစ်နေ့ ဒီကနေ့ စက်တင်ဘာ ၂၅ရက် နေ့ မနက်ပိုင်းကလည်း တပ်မတော်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ သိရပါ တယ်” ဟု ရုပ်သံဖိုင်နှင့်တကွ ရေးသားဖြန့်ဝေထားခြင်းဖြစ်သည်။
အဆိုပါ အကြောင်းအရာကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၃နာရီခွဲအထိ ဝင်ရောက်ကြည့်ရှုသူ ၃၇,၀၀၀ ကျော်၊ Like ပေးသူ ၁,၀၀၀ ကျော်၊ မှတ်ချက်ရေးသားသူ ၂၀၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://shorturl.at/DmLl1
အဆိုပါအကြောင်းအရာကို “PAN” တယ်လီဂရမ်ချန်နယ်တွင်လည်း ရေးသားဖြန့်ဝေခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ် >>> https://archive.ph/GrCbI
Youtube နှင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Youtube နှင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “လားရှိုးမြို့ ဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ VOA, BBC, RFA အပါအဝင် အခြားသတင်းမီဒီယာများ၌ သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် စက်တင်ဘာ ၂၄ ရက်၌ လားရှိုးမြို့ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၁ နာရီခွဲအချိန်တွင် လားရှိုးမြို့ ရပ်ကွက် ( ၂ ) က ရထိုက်ဟိုတယ် နှင့် ဖူလီလိုက် ဟိုတယ်များကို ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့ကြောင်း၊ နံနက် ၄ နာရီတွင် ယင်းဟိုတယ်များ အနီးတဝိုက်ကို ဗုံးနှစ်လုံး ထပ်မံကြဲချခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသမီး တစ်ဦး သေဆုံးပြီး ၁၅ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဟိုတယ်အပါအဝင် လူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း ငါးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
VOA – https://shorturl.at/jMtf2
BBC – https://shorturl.at/cwFcf
RFA – https://shorturl.at/wcxud
ကိုးကန့်သတင်းကွန်ရက်ဖေ့စ်ဘွတ်တွင် စက်တင်ဘာ ၂၄ ရက် က “စစ်တပ်သည် လားရှိုးမြို့၌ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ အရပ်သား တစ်ဦး သေဆုံးကာ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ်ရာ အများအပြား ပျက်စီးခဲ့သည်” ဟု သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန် >>> https://shorturl.at/HxYpc
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စက်တင်ဘာ ၂၄ ရက်၌ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရထိုက် ဟိုတယ်၊ ဖူလီလိုက် ဟိုတယ်နှင့် အနီးတဝိုက်နေရာများကို ဗုံးထိမှန်ခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ လူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ရေးသားထားသည်။ MNDAA တပ်မှူး နှစ်ဦး သေဆုံးကြောင်း ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် youtube နှင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ စက်တင်ဘာ ၂၄ ရက် လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် MNDAA တပ်မှူးနှစ်ဦး သေဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၂၆ ရက် ညနေ ၄နာရီအထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။