By Wadi / MPA
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်းအနီးရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် နေအိမ် ဓားပြတိုက်ခံရမှုတွင် ကျူးလွန်သူများကို PDF များဟု စွပ်စွဲထားသော အကြောင်းအရာများ စက်တင်ဘာ ၁၀ ရက်တွင် စစ်ကောင်စီဝါဒ ဖြန့်တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၀ ရက်၊ နေ့လည် ၁၂ နာရီ ၂၇ မိနစ်တွင် “ မန္တလေးမြို့ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်အိမ်ကို အကြမ်းဖက် PDF များက ဓားပြတိုက်” ဟု( မူရင်းရေးသားချက် အတိုင်း ) သေနတ်ကိုင်ထားသော လူများ ဓားပြတိုက်နေသည့် ရုပ်သံဖိုင်၊ ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေခဲ့ ခြင်းဖြစ်သည်။
အဆိုပါ အကြောင်းအရာကို စက်တင်ဘာ ၁၂ ရက်၊ ညနေ ၅ နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၄၁,၀၀၀ ကျော်၊ Reaction ပေးသူ ၅၀၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးတင်ထားသောလင့်ခ် >>> https://archive.ph/UyfY4
အဆိုပါသတင်းအမှားကို “အထွန်းဖွား” နှင့် “ကိုနှင်းမောင်” တယ်လီဂရမ်ချန်နယ်များက ထပ်ဆင့်ကူးယူ ဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
အထွန်းဖွား – https://archive.ph/eczVw
ကိုနှင်းမောင် – https://archive.ph/1ESj6
တယ်လီဂရမ်တွင်ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင်ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ People’s Spring သတင်းမီဒီယာတွင် ဖော်ပြထားသောဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
စက်တင်ဘာ ၁၀ ရက် People’s Spring တွင် “ ယနေ့(စက်တင်ဘာ ၁၀ရက်) နံနက် ၈ နာရီခန့်က မန္တလေး မြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဗိုလ်ချုပ်ရွာရပ်ကွက်၊ ၁၀၁ ဘီလမ်းနှင့် ၇၁ လမ်းရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် သည် ဆိုင်သွားဖွင့်ရန် နေအိမ်မှ ရွှေထည်ပစ္စည်းများအား ကားပေါ်သယ်နေစဉ် သေနတ်နှင့် ဓားများကိုင် ဆောင်လာသော မျက်နှာဖုံးစွပ်လူ ခုနစ်ဦးက AD Van ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ခြံတံခါးအား တွန်း ဖွင့် ဝင်ရောက်ကာ ရွှေထည်များအား လုယက်ယူဆောင်သွားခြင်းဖြစ်ကြောင်း၊ ရွှေထည်ထည့်ထားသည့် ခြင်းများပါသွားကြောင်း အဆိုပါ ရွှေဆိုင်ပိုင်ရှင်နှင့် နီးစပ်သူများက ပြောသည်” ( မူရင်းရေးသားချက် အတိုင်း ) ဟု ဓားပြတိုက်နေသည့် CCTV မှတ်တမ်းဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/8ChK4
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “ချောင်ချောင်ရွှေဆိုင် ဓားပြတိုက်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်သည့်အခါ “ RFA, DVB, MPA” အပါအဝင် အခြား လွတ်လပ်သည့်သတင်းမီဒီယာများ၌ ဖော်ပြထားသည်။
သတင်းမီဒီယာများတွင် စက်တင်ဘာ ၁၀ ရက်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင် ရွှေ ဆိုင်ပိုင်ရှင်၏နေအိမ်ကို သေနတ်ကိုင်ဆောင်ထားသည့် လူခုနစ်ဦးခန့်က ဝင်ရောက်ဓားပြတိုက်သွား ကြောင်း၊ ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ် သိန်း ၁၀၀၀ ခန့် ပါသွားကြောင်း၊ ၊ စက်တင်ဘာ ၁၂ ရက် အထိ ဖမ်းဆိမိခြင်းမရှိသေးကြောင်း၊ မန္တလေးမြို့တွင် ရွှေဆိုင်နှင့်ဘဏ်များ မကြာခဏ ဓားပြတိုက်ခံနေရကြောင်း၊ မန္တလေးမြို့ပေါ်ရှိ ရာဇဝတ်ကောင်အကြီးစားများသည် စစ်ကောင်စီနှင့် တိုက်ရိုက်ပတ်သက်နေကြောင်း၊ စစ်တပ်အရာရှိများနှင့် ချိတ်ဆက်လိုင်းကြေးပေးကာ ဖမ်းဆီးမခံရရေးအတွက် အကာအကွယ် ယူထားကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန်
RFA – https://shorturl.at/s1ubW
DVB – https://shorturl.at/Vh05f
MPA – https://shorturl.at/edpbc
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ကို သေနတ်ကိုင်ဆောင်ထားသည့် လူခုနစ်ဦးက ဝင်ရောက်ဓားပြတိုက်မှုကြောင့် ရွှေ ၁၀ ပိဿာကျော်နှင့် ငွေ ကျပ် သိန်း ၁၀၀၀ ခန့် ပါသွားကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
ဓားပြတိုက်မှုဖြစ်စဉ် မှန်ကန်သော်လည်း ဓားပြတိုက်သူများကို PDF များဟု သတင်းမီဒီယာများတွင် ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ချောင်ချောင်ရွှေဆိုင်ကို PDF များ ဓား ပြတိုက်” ဟု ဆိုသော အကြောင်းအရာသည် တစ်စိတ်တစ်ပိုင်းမှားယွင်းနေသော သတင်းအမှားဖြစ်သည်။
အထက်ပါ သတင်းအချက်အလက်စစ်ဆေးမှုများသည် စက်တင်ဘာ ၁၂ ရက် ညနေ ၅နာရီအထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်ပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်သည်။