By Haythar / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကိုစစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံး ခဲ့သော အရပ်သားပြည်သူများကို TNLA အကြီးအကဲအချို့နှင့်မိသားစုဝင်များဖြစ်သည်ဟူ၍ ၂၀၂၄ စက် တင်ဘာ ၆ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ တံဆိပ်ကပ်ထားသည့် သတင်းအမှား များ ဖြန့်ဝေထားသည်။
“အောင်ဇေယျ” တယ်လီဂရမ်ချန်နယ်က “ယနေ့မနက်အစောပိုင်းက Tnla သိမ်းပိုက်ထားသော နမ့်ခမ်းမြို့ ပေါ် သို တပ်မတော်မှ လေကြောင်းဖြင့် ၂ လုံးကျဲခဲ့ကြောင်းသိရပါတယ်။ ပန်ပွဲဇာတ်ဆင်ခုံ နောက်ဖက်တစ် လုံး နဲ့ ကျားဖြူ ခမ်းမနား တစ်လုံးဟုသိရပြီး Tnla အကြီးအကဲတစ်ချိုနဲ့ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ တယ်လို သိရပါတယ်” ဟု (မူရင်းရေးသားချက်အတိုင်း) စက်တင်ဘာ ၆ရက် နံနက်ပိုင်းကရေးသား၍ ရုပ်သံ ဖိုင်များ၊ ထိခိုက်ပျက်စီးနေသော ကားနှစ်စီး ဓာတ်ပုံနှင့် အတူ ဖြန့်ဝေထားသည်။
အောင်ဇေယျတယ်လီဂရမ်ချန်နယ်၏ ရေးသားဖြန့်ဝေမှုကို ၂၀၂၄ စက်တင်ဘာ ၆ရက် ည ၇နာရီအထိ ကြည့်ရှုသူ ၆၈၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြထားသဖြင့် ပျံ့နှံ့မှု များပြားသည်။
သတင်းအမှားလင့်ခ်များ
အောင်ဇေယျ – https://archive.ph/4AjRR
View Of Sue – https://archive.ph/KiMjB
MMC News – https://archive.ph/mTfJg
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPAက အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်များကို InVID video verification tool အသုံးပြု၍ ရှာဖွေရာ ထပ်တူညီသော ရုပ်သံဖိုင်များ မတွေ့ရှိပေ။
ရုပ်သံဖိုင်များနှင့် အတူ ဖြန့်ဝေထားသည့် ထိခိုက်ပျက်စီးနေသော ကားနှစ်စီး၏ ဓာတ်ပုံကို “Google Reverse Image Search” ဖြင့်ရှာဖွေရာ Mizzima သတင်းမီဒီယာတွင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ကို စက်တင်ဘာ ၆ရက် နံနက် ၁နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၁ဦးသေဆုံးကြောင်း သတင်းရေးထားသည်။
Mizzima သတင်းလင့်ခ် – https://shorturl.at/4nqZ4
Google၌ “နမ့်ခမ်းမြို့ ဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ BBC, RFA, MPA , Shwe Phee Myay သတင်းမီဒီယာတို့တွင် နမ့်ခမ်းမြို့ ဗုံးကြဲခံရမှုဖြစ်စဉ်အကြောင်း သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “နမ့်ခမ်းမြို့ပေါ်ရှိ ဟိုကတ်ရပ်ကွက်နှင့် မြို့လယ်ဘုန်းကြီးကျောင်းအနီးကို စစ် ကောင်စီ တပ်က ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းကြောင့် ပြည်သူ ၁၁ဦးသေဆုံး၍ ၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများသည် ကလေးငယ် နှစ်ဦး၊ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၊ အမျိုးသား ငါးဦးနှင့် အမျိုးသမီး လေးဦးတို့ဖြစ်ကြောင်း သတင်းရေးသားထားသည်။
သတင်းမီဒီယာ လင့်ခ်များ
BBC – https://shorturl.at/M6Frt
MPA – https://shorturl.at/8W20l
Shwe Phee Myay – https://shorturl.at/vYOeC
နမ့်ခမ်းမြို့ရှိ ပရဟိတသမားတစ်ဦး၏ ဖေ့ဘွတ်ခ်တွင် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် နမ့်ခမ်းမြို့ ထိခိုက် ပျက်ဆီးခဲ့ရမှုရုပ်သံဖိုင်များနှင့် ပြည်သူများ သေဆုံးမှုများအကြောင်း ရေးတင်ထားသည်။
ကြည့်ရှု့ရန်လင့်ခ် – https://shorturl.at/slWCY
သုံးသပ်ချက်
အထက်ဖော်ပြပါအတိုင်း အဆင့်အဆင့် အချက်အလက်စစ်ဆေးကြည့်လျှင် နမ့်ခမ်းမြို့ ရှိ လူနေရပ်ကွက် ပေါ်ကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ဗုံးနှစ်လုံးကြဲချမှုကြောင့် သေဆုံးသူများသည် TNLA တပ်အကြီး အကဲနှင့် မိသားစုဝင်များ မဟုတ်ဘဲ အရပ်သားပြည်သူများသာဖြစ်ကြောင်း သိနိုင်သည်။
ထို့ကြောင့် နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် TNLA အကြီးအကဲအချို့နှင့် မိသားစုဝင်များ သေဆုံးဟု ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPA က အချက် အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်သည်။