By Fact Check Team / MPA
ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ သတင်းအတု၊ သတင်းအမှားတွေနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာ တွေ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီလို ပျံ့နှံ့နေတာတွေကို MPAရဲ့ သတင်းအချက်အလက်စစ်ဆေးသူတွေက လေ့လာ စောင့်ကြည့်လျက်ရှိပြီး သတင်းအတု၊ သတင်းအမှားတွေကို တုန့်ပြန် ရေးသားဖော်ပြနေပါတယ်။
ဇွန် ၁၅ရက်ကနေ ၂၁ရက်အထိ တစ်ပတ်အတွင်း သတင်းအတု၊ သတင်းအမှားဖြစ်ကြောင်း သက်သေပြအချက်အလက်စစ်ဆေးခဲ့တဲ့ Fact Check News တွေကို ပြန်လည်စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဇွန် ၁၅ရက်
KNUနှင့် PDF အဖွဲ့ က ကျေးရွာအတွင်း drop ဗုံးချခဲ့လို့ သေဆုံး၊ ဒဏ်ရာရ ဆိုတဲ့ သတင်းအမှား
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကဇင်းပင်ကျေးရွာအတွင်းကို KNU နှင့် PDF အဖွဲ့က drop ဗုံးဖြုတ်ချ ခဲ့လို့ ဒေသခံပြည်သူ တစ်ဦး သေဆုံးကာ လေးဦး ထိခိုက် ဒဏ်ရာရရှိတယ်ဆိုပြီး ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက် အတွင်း တယ်လီဂရမ်ချန်နယ်တွေမှာ သတင်းအမှားတွေ ပျံ့နှံ့ခဲ့ပါတယ်။
ဒီအကြောင်းအရာကို အချက်အလက်ရှာဖွေစစ်ဆေးခဲ့ရာ မြေလတ်အသံမီဒီယာတွင် “စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ဒေသခံ ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရ” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နေတာတွေဟာ သတင်းအမှားဖြစ်ကြောင်း သက်သေပြစစ်ဆေးနိုင်ခဲ့ပါတယ်။

ဇွန် ၁၆ရက်
စစ်ကောင်စီအား ကင်းလှည့်ရေယာဉ် ခြောက်စီး ပေးသော တရုတ်ကို စစ်ရေးအရ အရေးယူမယ်လို့ NUG ရာဇသံပေးဆိုတဲ့ သတင်းအမှား
ဇွန် ၁၁ ရက်တွင် စစ်ကောင်စီအား ကင်းလှည့်ရေယာဉ် ခြောက်စီး ပေးထားသော တရုတ်နိုင်ငံကို NUG က စစ်ရေးအရ အရေးယူမယ်ဆိုပြီး ရာဇသံပေးဆိုတဲ့ သတင်းအမှားတွေ တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့ပါ တယ်။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ သတင်းဓာတ်ပုံတွေကို Google Reverse Image Search အသုံးပြု ရှာဖွေတာနဲ့ Google မှာ “ ကင်းလှည့်ရေယာဉ်” ဆိုတဲ့ Keywordဖြင့် ရှာဖွေကြည့်ရာ Myanmar Now ၊ RFAမီဒီယာများတွင် သတင်းရေးထားတာကို တွေ့ခဲ့ရပါတယ်။
ဒီသတင်းဌာနတွေမှာ စစ်ကောင်စီကို တရုတ်နိုင်ငံအစိုးရမှ ကင်းလှည့်ရေယာဉ်တွေ ပေးအပ်တယ်လို့ ရေးသားထားပေမဲ့ NUG က ရာဇသံပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်တာကို တွေ့ရပါတယ်။ ဒါကြောင့် NUG က တရုတ်ကို ရာဇသံပေးတယ်ဆိုဟာ သတင်းအမှားဖြစ်တယ်လို့ အချက်အလက်စစ်ဆေး သက်သေပြ နိုင်ခဲ့ပါတယ်။

ဇွန် ၁၈ရက်
PDF အဖွဲ့ က လောင်းကစားဝိုင်းအား ဝင်စီးပြီး ပြည်သူတွေကို သတ်ဖြတ်တယ်ဆိုတဲ့ သတင်းအမှား
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ၊ သနတ်ကုန်းကျေးရွာအနီးရှိ လောင်းကစားဝိုင်းကို ဇွန် ၁၆ ရက် မနက်ပိုင်းမှာ PDF အဖွဲ့က ဝင်စီးပြီး ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့ခဲ့တယ်။
တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ သတင်းအမှားကို အချက်အလက်စစ်ဆေးကြည့်ရာ မြေလတ်မီဒီယာ၊ DVB သတင်းဌာနနဲ့ ခေတ်သစ်မီဒီယာတို့မှာ သတင်းအမှန် ရေးထားတာ တွေ့ရပါတယ်။
မီဒီယာတွေမှာ စစ်ကောင်စီက လုံခြုံရေးယူပေးထားတဲ့ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ရှင်းလင်းခြင်းဖြစ်တယ်လို့ ဖော်ပြထားပြီး ပြည်သူတွေကို သတ်ဖြတ်တယ်ဆိုတာမပါဝင်ပါဘူး။ ဒါ့အပြင် သတင်းတွေထဲမှာ လောင်းကစားဝိုင်း ဝင်ရောက်ဖမ်းဆီးချိန် ဖဲကစားသူတစ်ဦးရဲ့ ပေါင်ကို ကျည်ဆံရှပ် ထိ ဒဏ်ရာရသွားတယ်လို့ ရေးထားပြီး လူသေဆုံးတယ်လို့ မပါဝင်ပါဘူး။
ဒါ့ကြောင့် တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့မှုများခဲ့တဲ့ ဒီအကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်း ရေးသား ဖော် ပြနိုင်ခဲ့ပါတယ်။

ဇွန် ၁၈ရက်
စစ်ကောင်စီတပ်တွေ လွိုင်ကော်မြို့ကို ထိန်းချုပ်ပြီးနောက် KNDF အချို့ အလင်းဝင်ဆိုတဲ့ သတင်းအမှား
ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ပြီးနောက်ပိုင်း KNDF တပ်ဖွဲ့ဝင်အချို့ လက် နက်ချအလင်းဝင်ဆိုတဲ့ သတင်းအမှားတွေဟာ ဇွန် ၁၇ရက်နေ့မှာ တယ်လီဂရမ်ချန်နယ်တွေ နဲ့ ဖေ့ဘွတ်ခ်စ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
BBC, RFA ၊ Delta News Agency မီဒီယာတွေမှာ လွိုင်ကော်မြို့ရဲ့ ၅၀ရာခိုင်နှုန်းခန့်ကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတာဖြစ်ပြီး ကျန် ၅၀ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။ KNDF တပ်ဖွဲ့တွေ လက်နက်ချ အလင်းဝင်တဲ့အကြောင်းအရာ ရေးသားထားတာ မတွေ့ရပါဘူး။

ဇွန် ၁၉ရက်
NUG နှင့် PDF တို့ လုပ်ကြံတိုက်ခိုက်ခဲ့လို့ နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော် ပျံလွန်ဆိုတဲ့ သတင်းအမှား
NUG နှင့် PDF တို့ရဲ့ လုပ်ကြံတိုက်ခိုက်တာခံရလို့ နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသ ဇွန် ၁၉ရက်မှာ ပျံလွန်တော်မူခဲ့တယ်ဆိုတဲ့ သတင်းအ မှားတွေ ပျံ့နှံ့ခဲ့ပါတယ်။
စစ်ကောင်စီလော်ဘီတွေဟာ ဒီသတင်းအမှားကို ဖေ့ဘွတ်ခ်, တယ်လီဂရမ်ချန်နယ်, Tik tok, Youtube စတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။
အချက်အလက်ရှာဖွေကြည့်ရာ MPA, Khit thit သတင်းမီဒီယာနှင့် Maw Kun Magazine တို့တွင် သတင်း ရေးသားဖော်ပြထားတာ တွေ့ရသည်။
အရှင်မုနိန္ဒာဘိဝံသ ဆရာတော် လိုက်ပါလာတဲ့ကားကို ဇွန် ၁၉ရက်တွင် လုံခြုံရေးတပ်ဖွဲ့တွေက ရပ်တန့် စစ်ဆေးရာ မရပ်ခဲ့တာကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းဌာတွေက ရေးသားဖော်ပြထားပါတယ်။

ဇွန် ၁၉
TNLA သိမ်းထားတဲ့ စခန်းအနီး အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးတယ်ဆိုတဲ့ သတင်းအမှား
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် မန်တောက်ကျေးရွာရှိ TNLA တပ်မဟာ (၃) စစ်ဒေသ နယ်မြေခံတပ်စခန်းနေရာအနီးမှာ ဇွန် ၁၇ရက် မနက်ပိုင်းက ဟင်းသီးဟင်းရွက်ရှာတဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးတယ်ဆိုတဲ့သတင်းအမှားတွေ တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
Myanmar Pressphoto Agency (MPA) နှင့် Tachileik News Agency တို့မှာ မန်တုံမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းဟောင်းအနီး မှိုသွားရှာတဲ့ အမျိုးသမီး မိုင်းနင်းမိပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
PSLF/TNLA တယ်လီဂရမ်ချန်နယ်တွင် စစ်ကောင်စီ တပ်စခန်းဟောင်းဖြစ်တဲ့ (၁၃၀) တပ်စခန်းနေရာအနီးမှာ အမျိုးသမီးတစ်ဦးဟာ ဟင်းသီးဟင်းရွက်သွားရှာစဥ် မြေမြှုပ်မိုင်း နင်းမိလို့ ပေါက်ကွဲကာ နေရာတွင်ပင် သေဆုံးသွားတယ်ဟုဖော်ပြထားသည်။
ဒါကြောင့် ဒီကိစ္စဟာ စစ်ကောင်စီလော်ဘီတွေက TNLA အဖွဲ့ကို သတင်းအမှား ဖြင့် အပုတ်ချတိုက်ခိုက်တာဖြစ်တယ်လို့ သက်သေပြအချက်အလက်စစ်ဆေးနိုင်ခဲ့ပါတယ်။

ဇွန် ၁၉ရက်
AA ပစ်ခတ်မှုကြောင့် သုံးဘာသာဂုဏ်ထူးရှင်ကျောင်းသူ သေဆုံးဆိုတဲ့ သတင်းအမှား
ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့မှာ AA(ရက္ခိုင့်တပ်တော်)ရဲ့ ပစ်ခတ်မှုကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တဲ့ မိန်းကလေး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ဇွန် ၁၈ ရက်နေ့က တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒီလို လုပ်ရက်ကျူးလွန်တဲ့အဖွဲ့ဟာ AA ဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်တွေက တညီတညွတ်ထဲ ဝါဒဖြန့်နေကြပေမဲ့ BBC , Narinjara (နိရဉ္စရာ) News, နှင့် Tachileik News တို့က သတင်း အမှန် ရေးထားပါတယ်။
ဖော်ပြပါ သတင်းမီဒီယာတွေမှာ ဇွန် ၁၈ ရက်တွင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့တွင် သုံးဘာသာဂုဏ်ထူးရှင် မိန်းကလေးအပါအဝင် သုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရ သူများပြားတယ်လို့ ဖော်ပြထားကြပါတယ်။

ဇွန် ၁၉ရက်
မဟာမုနိဘုရား၌ ဒေါ်အောင်ဆန်းစုကြည် နာမည်အတိုကောက်စာလုံးဖြင့် ဘုရားပန်းပူဇော် ထားသော ဓာတ်ပုံအဟောင်း
မန္တလေးမြို့ရှိ မဟာမုနိဘုရားတွင် စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်အတိုကောက် အင်္ဂလိပ်စာလုံးတွေနဲ့ ဘုရားပန်း ပူဇော်ထားတဲ့ ဓာတ်ပုံအ ဟောင်းတွေ ဖေ့ဘွတ်ခ်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒီဓာတ်ပုံကို အချက်အလက်စစ်ဆေးကြည့်ရာ ၂၀၂၁ခုနှစ်တွင် ဇွန် ၁၉ရက်က မဟာမုနိဘုရားမှာ ဘုရားပန်းကို ပုံဖော်ထားတဲ့ ဓာတ်ပုံတွေဖြစ်နေတာ တွေ့ခဲ့ရပါတယ်။

ဇွန် ၂၁
PNLO နှင့် ကယား PDF တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူဆိုတဲ့ သတင်းအမှား
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းတုတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို PNLO နှင့် ကယား PDF အဖွဲ့တို့က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့လို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ ဆိုတဲ့ သတင်းအမှားတွေ တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့တယ်။
Google တွင် “ပင်လောင်းမြို့၊ လွယ်ကျိုင်းကျေးရွာ” ဆိုတဲ့ Keyword ဖြင့် ရှာရာ RFA, DVB နှင့် သျှမ်းသံတော်ဆင့် မီဒီယာတို့မှာ သတင်းရေးထားသည်ကို တွေ့ရပါတယ်။
မီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေက ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဘက် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့လို့ လွယ်ကျိုင်းရွာရှိ ဦးပဉ္ဇင်းတစ်ပါး လက်နက်ကြီးအစ ထိမှန်၍ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ပြီး ကလေးငယ်လေးဦး အပါအဝင် ဒေသခံ ရှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့လို့ ရေးသားပါတယ်။

ဖော်ပြပါ သတင်းအမှားအကြောင်းအရာ ကိုးပုဒ်ဟာ MPA Fact Check Team က တပတ်အတွင်း အချက်အလက်စစ်ဆေး ထားတာတွေ ဖြစ်ပါတယ်။
Facebook, Tiktok, Telegram, Youtube, X(Twitter), Instagram စတဲ့ မြန်မာပြည်သူတွေ အသုံးများတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ သတင်းအမှန်တွေ နဲ့ သတင်းအတု၊ သတင်းအမှားတွေဟာ ရောထွေးပျံ့နှံ့နေပါတယ်။
ဒါ့ကြောင့် သတင်း အကြောင်းအရာတစ်ခုကို အလျင်စလို ယုံကြည်လက်ခံလိုက်တာမျိုး မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ သတင်းအကြောင်းအရာမှာ ပါတဲ့ စာသား၊ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အသံဖိုင် စတာတွေကို Google မှာ ရှာဖွေ၍ သတင်းအမှန် ဟုတ်/မဟုတ် အတည်ပြုစစ်ဆေးလို့ ရပါတယ်။
မိမိ ကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြု ရေးသားဖော်ပြနေတဲ့ သတင်းဌာနတွေက သတင်းတွေကိုသာ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။









