By Wadi / MPA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းတုတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို PNLO နှင့် ကယား PDF အဖွဲ့တို့က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ ဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
ဇွန် ၂၀ ရက် ညနေပိုင်းက Subscribers တစ်သိန်းကျော် ရှိသည့် People Media , Ko Thet နှင့် ဟန်ငြိမ်းဦး အမည်ရှိ တယ်လီဂရမ်ချန်နယ်နှင့် အခြားတယ်လီဂရမ်ချန်နယ်များတွင် ပျံလွန်တော်မူနေသည့် သံဃာတော် တစ်ပါး၏ ဓာတ်ပုံနှင့်အတူ “ကောင်းရာဘုံရောက်ပါစေ ဦးဇင်းရယ်” ဆိုသော စာရေးထားသော သတင်းအမှား အကြောင်းအရာသည် ပျံ့နှံ့ခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသည့် သတင်းအမှားလင့်ခ်များ >>>
https://archive.ph/EEAJz https://archive.ph/aK1NW
https://archive.ph/8lde6
သတင်းအမှားဖြစ်ကြောင်း သက်သေပြ စိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံကို Google Reverse Image Search အသုံးပြု၍ ရှာဖွေရာ အဆိုပါဓာတ်ပုံနဲ့ ထပ်တူညီတဲ့ ဓာတ်ပုံကို အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားသည်ကို မတွေ့ရပါ။
Google တွင် “ပင်လောင်းမြို့၊ လွယ်ကျိုင်းကျေးရွာ” ဆိုသည့် Keyword ဖြင့် ရှာကြည့်လိုက်သည့်အခါ RFA, DVB နှင့် သျှမ်းသံတော်ဆင့် မီဒီယာတို့တွင် သတင်းရေးထားသည်ကို တွေ့ရသည်။
RFA သတင်းတွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ လွယ်ကျိုင်းနဲ့ဆောင်းလှ ကျေးရွာတွေကို စစ်ကောင်စီက ဇွန် ၁၉ ရက် မနက်ပိုင်းတွင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လွယ်ကျိုင်းရွာတွင် ကျောင်းထိုင်ဆရာတော် အပြင်းအထန်ဒဏ်ရာရခဲ့ပြီး၊ ဆောင်းလှရွာတွင် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသမီးအချို့ ဒဏ်ရာရခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံ >>> https://shorturl.at/D3i4g
DVB သတင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဘက် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် လွယ်ကျိုင်းရွာရှိ ဦးပဉ္ဇင်းတစ်ပါး လက်နက်ကြီးအစ ထိမှန်၍ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ကြောင်း၊ ကလေးငယ်လေးဦး အပါအဝင် ဒေသခံ ရှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံ>>> https://shorturl.at/WCKcY
သျှမ်းသံတော်ဆင့် သတင်းတွင် ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကရင်နီတော် လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လွယ်ကျိုင်းကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက် ကွဲခဲ့ရာ ဦးပဉ္ဇင်းတစ်ပါး လက်နက်ကြီးထိပြီး ချက်ချင်းပျံလွန်တော်မူခဲ့ကြောင်း ၊ အရပ်သားများလည်း ထိခိုက်မှု ရှိကြောင်း ဖော်ပြထားသည်။
သတင်းအပြည့်အစုံ >>> https://shorturl.at/wk8YX
သတင်းမီဒီယာလုပ်ငန်းစဉ်ဖြင့် အဆင့်ဆင့်စိစစ်အတည်ပြုရေးသော သတင်းဌာနများတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာရှိ ဦးပဉ္ဇင်းတစ်ပါး ပျံလွန်တော်မူခဲ့ပြီး အရပ်သားများထိခိုက်ခဲ့ကြောင်း တညီတညွတ်တည်း ဖော်ပြထားကြသည်။
ထို့ကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည့် “PNLO နှင့် ကယား PDF တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ” ဆိုသော အကြောင်းအရာသည် ဓာတ်ပုံအထောက်အထားဖြင့် ရှာဖွေလို့ မရသော်လည်း သတင်းဌာနတွေမှာ သတင်းအမှန်ဖော်ပြထားသဖြင့် သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်သည်။
ဒီသတင်းအမှားတွင် ဦးပဉ္ဇင်းတစ်ပါးပျံလွန်တော်မူခဲ့မှု မှန်ကန်သော်လည်း PNLO နှင့် ကယား PDF အဖွဲ့က ကျူးလွန်ခဲ့သည်ဟု စွပ်စွဲဖန်တီးထားသောကြောင့် False Content (မှားယွင်းသောအကြောင်းအရာ) သတင်းအမျိုးအစား ဖြစ်သည်။
သတင်းအမှားများအား ရေးသားဖြန့်ဝေနေသော တယ်လီဂရမ်ချန်နယ်များကို လေ့လာကြည့်သည့်အခါ စစ်ကောင်စီလော်ဘီချန်နယ်များဖြစ်ကြောင်း တွေ့ရပြီး နားလည်မှုလွဲမှားစေမည့် သတင်းအမှားများ ဖန်တီးရေးသားလေ့ရှိကြောင်း တွေ့ရသည်။