အောက်ပါဓာတ်ပုံကို အွန်လိုင်းအသုံးပြုသူတွေနဲ့ သတင်းမီဒီယာတချို့မှာ တွေ့မြင်လာခဲ့ရပါတယ်။ ပုံမှာတွေ့မြင်ရမှာက ကြိုးသုံးကြိုးချထားတဲ့ ကြိုးပေးစီရင်တဲ့ အခန်းတစ်ခုပါ။
ဒီဓာတ်ပုံဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ (၄) ဦးကို ကွပ်မျက်စီရင်ကြောင်း အကြမ်းဖက်စစ်ကောင်စီက အသိပေးပြီးနောက်ပိုင်း ထွက်ပေါ်လာခဲ့တာပါ။
အွန်လိုင်းအသုံးပြုတချို့ကတော့ ဓာတ်ပုံထဲက အခန်းလေးထဲမှာ ၎င်းတို့ ၄ ဦးစလုံးကို အကြမ်းဖက်စစ်ကောင်စီက မတရားကွပ်မျက်ခဲ့တာဖြစ်တယ်ဆိုပြီး ယုံကြည်နေကြပါတယ်။
သတင်းမီဒီယာတချို့ကလည်း ဒီဓာတ်ပုံထဲက နေရာဟာ အင်းစိန်ထောင်အတွင်းမှာရှိတဲ့ ကြိုးစင်၊ ကြိုးပေးတဲ့အခန်းလို့ ပုံစာထိုးပြီး ဖော်ပြနေတာလည်း တွေ့မြင်ရပါတယ်။ ဒီပုံဟာ တကယ်ပဲ အင်းစိန်ထောင်ထဲက ကြိုးစင်လား၊ ကြိုးပေးတဲ့အခန်းလားဆိုတာ နီးနီးစပ်စပ် သိရှိနိုင်အောင် MPA က အတည်ပြုဖို့ ကြိုးပမ်းခဲ့ပါတယ်။
Google က ဓာတ်ပုံရှာဖွေလို့ရတဲ့ Tool ကို အသုံးပြုပြီး အောက်ဖော်ပြပါဓာတ်ပုံကို ထည့်သွင်း ရှာဖွေရာမှာတော့ အလားတူတဲ့ ဆက်စပ်ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ယင်းဓာတ်ပုံနဲ့ ချွတ်စွပ်တူညီနေတဲ့ ဓာတ်ပုံကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီဓာတ်ပုံနဲ့ ဆက်စပ်နေတာဟာ Cellular Jail ဆိုတဲ့ ထောင်တစ်ခုပါ။ Kālā Pānī ထောင်လို့လည်း လူသိများတယ်လို့ဆိုပါတယ်။
အိန္ဒိယနိုင်ငံ၊ အက်ဒမန်နဲ့ နီကိုးဘား ကျွန်းစုမှာရှိတဲ့ ကိုလိုနီခေတ် ထောင်တစ်ခုကို ပြသပါတယ်။ ထိုထောင်အကြောင်းကို ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာ အခု အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ကြိုးပေးစီရင်တဲ့ အခန်းဓာတ်ပုံပါ ပါဝင်နေပါတယ်။
အိန္ဒိယတော်လှန်ရေးခေါင်းဆောင်တွေကို ဗြိတိသျှတွေက သေဒဏ်ပေးတဲ့အခါမှာ အဲ့ဒီကြိုးပေးစီရင်တဲ့ အခန်းတွေကို အသုံးပြုခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ ဓာတ်ပုံမှာပါတဲ့ အခန်းဟာလည်း အကျဉ်းသားသုံးဦးကို တပြိုက်နက်တည်း စီရင်လို့ရအောင် လုပ်ဆောင်ထားတာလို့လည်း ဆိုပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ထောင်တွင်းအတွေ့အကြုံရှိသူများကို MPA က လိုက်လံမေးမြန်းရာ “ ဒီပုံက တစ်နေရာကပုံလို့ပဲထင်တယ်။ သိသလောက်ကတော့ မြန်မာပြည်မှာတော့ အဲ့လိုမျိုးကြိုးစင်မရှိဘူး။ အကုန်လုံးက (Air) တွေချည်းပဲ။ ကြိုးစင်က အပြင်မှာ (၅) အဆောင် (ငါးတိုက်) ရဲ့ နောက်ကျော၊ အမျိုးသမီးဆောင်ရဲ့ မျက်စောင်းထိုးဘေးချင်းကပ်လျက်မှာ ကြိုးစင်ရှိတယ်။ အဲ့ကြိုးစင်က လှေခါးနဲ့တက်သွားရတယ်။ အပေါ်မှာ ပျဉ်ပြားနှစ်ချပ်ခင်းထားတဲ့ ပျဉ်ခင်းထားတာပေါ့နော်။ လူနှစ်ယောက်ကြိုးပေးလို့ရတယ်။ တိုင်မှာ ကြိုးကွင်းထားတယ် ” ဟု အင်းစိန်ထောင်အတွင်းက ကြိုးစင်အကြောင်းကို NUG အစိုးရ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်က ရှင်းပြပါတယ်။
ကြိုးပေးစီရင်တဲ့အခြေအနေဟာ လေထဲမှာပဲ တွေ့မြင်ရလေ့ရှိပြီး အခန်းထဲတွင် လုပ်လေ့မရှိသလို၊ ကြိုးစင်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေရှိတဲ့အတွက် သာယာဝတီထောင်အတွင်းနဲ့ မြန်မာပြည်မှာရှိတဲ့ ကြိုးစင်တွေဟာ ပုံစံတူ၊ အလားတူများပင်ဖြစ်တယ်လို့ ဦးလင်းသန့်က ၎င်းရဲ့ အတွေ့အကြုံနဲ့ ဓာတ်ပုံရဲ့ အခြေအနေကို ရှင်းပြပါတယ်။
“အဲဒီပုံက စစ်ဆရာဝန် Aung Myat Thu ဆိုတဲ့ လူက တင်လိုက်တာ။ သတင်းစာထဲမပါခင် ဇူလိုင် ၂၄ ရက်ကတည်းက တင်ထားတာ၊ ကိုဂျင်မီ့နာမည်လည်း သုံးပြီး ပြောထားတယ်၊ ကြည့်ရတာ သူတို့အသိုင်းအဝန်းက ကြိုသိနေပုံပဲဆိုပြီး ဇူလိုင် ၂၅ ရက်ကြမှ Facebook မှာ Share ကြတာ တွေ့လိုက်ရတယ် Share သူများလွန်းလို့ အကောင့် D သွားပုံပေါ်တယ်။ ဒါက တယောက်ယောက်က ဆေ့ဖ်ထားလို့ ရလိုက်ပုံပဲ ” ဟုလည်း Facebook အသုံးပြုသူတစ်ဦးက ရေးသားဖော်ပြထားကိုလည်း တွေ့မြင်ရပါတယ်။
ယင်းကဲ့သို့ အခြေအနေများကြောင့် အဆိုပါဓာတ်ပုံအနေနဲ့ အင်းစိန်ထောင်အတွင်းမှာရှိတဲ့ ကြိုးပေးစင်မဟုတ်ဟု အပြည့်အဝ ကောက်ချက်ဆွဲ မှတ်ယူနိုင်ပါတယ်လို့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။