တောင်ကိုရီးယားသံရုံးဗီဇာဌာနတာဝန်ခံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိတာကြောင့် ကိုရီးယားဗီဇာလျောက်ထားမှုကို ဖေဖော်ဝါရီလ ၁၈ရက်နေ့အထိ ယာယီပိတ်ထားသည်။
ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးမှာ ကိုဗစ်ကူးစက်မှုတွေ့ရှိ၍ ဗီဇာလျှောက်ထားခြင်းကို ဖေဖော်ဝါရီ လ(၁၁)ရက်နေ့မှဖေဖော်ဝါရီလ ၁၈ရက်နေ့အထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ယင်းကြေညာချက်အတွင်း လတ်တလောတွင် ကိုရီးယားသံရုံးဗီဇာဌာနတာဝန်ခံမှ ကိုရိုနာအတည်ပြု စစ်ဆေးတွေ့ရှိရသဖြင့် အလုပ်ဆင်းနိုင်သော ဝန်ထမ်းအရေအတွက်အား လျှော့ချထားကြောင်းနှင့် ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ ၁၈ရက်နေ့အထိ ဗီဇာလျှောက်ထားခြင်းကို လက်ခံဆောင်ရွက်ပေးနိုင်မည်မဟုတ်ကြောင်း ပါရှိသည်။
ယင်းအပြင် လျောက်ထားပြီး ဗီဇာများကိုမူ နေ့စဉ်ညနေ ၄နာရီမှ ၄နာရီခွဲအတွင်း မြန်မာနိုင်ငံဆိုင်ရာတောင်ကိုရီးယားသံရုံးမှ ပုံမှန်အတိုင်းထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံရုံး၏တာဝန်ရှိသူတစ်ဦးကရှင်းပြပါသည်။
“ ဗီဇာပဲမထုတ်ပေးတာပေါ့။လောလောဆည် ကိုဗစ်ကူးခံရတဲ့နေရာကို ပိုးသတ်မယ်။ပိုးပျံ့ပွားမှုမရှိအောင်ထိန်းမယ်။ပြီးရင် ပုံမှန်အတိုင်းလည်ပတ်မယ်ပေါ့။လျောက်ထားပြီးဗီဇာတွေကိုတော့ နဂိုချိန်းဆိုတဲ့ရက်အတိုင်းလာထုတ်လို့ရပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံရုံး၏တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
အလားတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ နှလုံးဆေးကုပြင်ပလူနာဌာနမှာလည်း တာဝန်ကျဆရာဝန်ကြီးများ ကိုဗစ်ရောဂါဖြစ်ပွားနေသောကြောင့် ယင်းဌာနကို ၅ရက်တာယာယီပိတ်ထားမည်ဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ နှလုံးဆေးကုပြင်ပလူနာဌာနကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၁ရက်နေ့အထိ ၅ ရက်ကြာယာယီပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ဒါ့အပြင် အရေးပေါ်လူနာများနှင့်အခြားအထူးကုပြင်ပလူနာများကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားမှာဖြစ်ပြီး နဂိုပုံမှန်အတိုင်း ဆေးကုသမှုများ ပေးသွားမည်ဖြစ်သည်။