ယမန်နေ့(စက်တင်ဘာ၁၂ ရက်)က ထပ်မံရောက်ရှိလာသော တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးများအား တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို ဦးစားပေးထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး လေး သန်း ထပ်မံရောက်ရှိလာခဲ့ပြီး အသက် ၅၅ နှစ်အ ထက်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို ဦးစားပေးထိုးနှံပေးမည်ဖြစ် အကြမ်းဖက်စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
” အရင်ဦးတည်အုပ်စု ၁၀ခုထဲမှာတော့ မပါဘူး။ ဝန်ကြီးဌာနကထုတ်ပြန်တာပဲရှိသေးတယ်။ အသေးစိတ်တော့မသိရသေးဘူး။ဘယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကနေစပြီး ဦးစားပေးထိုးမယ်ဆိုတာ မသိရသေးပါဘူး” ဟု အကြမ်းဖက် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ ခင်ခင်ကြီးက MPAသို့ပြောသည်။
ထို့ပြင် မသန်စွမ်းသူများ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းမှလူများကိုလည်း ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခင်အရပ်သားအစိုးရလက် ထက်က အိန္ဒိယနိုင်ငံထုတ် Covishield ကာ ကွယ်ဆေးဖြင့် စတင်ထိုးနှံပေးခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် အဆိုပါဆေး ထပ်မံ မှာယူ၍ မရတော့ကြောင်း သိရသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက တရုတ်နိုင်ငံထုတ် Sinovac နှင့် Sinopharm ဆေး နှစ်မျိုးဖြင့် ထိုးနှံပေး နေပြီး ဝန်ထမ်းများနှင့် အသက် ၆၀အထက်များ အပါအဝင် လူ ၄ ဒသမ ၉၄သန်း ထိုးနှံပေးပြီးကြောင်း သိရသည်။
အဆိုပါ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသော်လည်း ကူးစက်ခံရမှု များပြားနေပြီး ပြီးခဲ့သည့်ရက်ပိုင်းကပင် ကာကွယ်ဆေးထိုးနှံ ထားပြီးသူ BGFခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ကိုဗစ်ကူးစက်ခံခဲ့ရကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီမှာ တိုင်းရင်းသားလက်နက်ကိုင်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် စီစဉ်ဆောင်ရွက်နေသလို NUG ကျန်းမာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများတို့သည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါအား ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ COVID 19 Task Force (CTF)ကို ဇူလိုင်လ ၁၇ ရက်နေ့ တွင် ဖွဲ့စည်းခဲ့ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။
အဆိုပါအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် တိုင်းရင်းသားဒေသအသီးသီးတွင် ကိုဗစ်ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း သိရသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ထိန်းချုပ်သည့် တရုတ်-မြန်မာနယ်စပ်ရှိဒေသများတွင် တရုတ်ထုတ် ကာကွယ်ဆေးများ ထိုးပေးနေကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယမန်နေ့(စက်တင်ဘာ ၁၂ ရက်) ည ၈နာရီချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၄၃၁,၈၃၃ ဦးရှိပြီး သေဆုံးသူ ၁၆,၅၃၀ ဦးဖြစ်ကာ ပြန်လည် ကောင်းမွန်သူ ၃၈၀,၄၇၄ ဦးရှိပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။